Midnight Therapy
Midnight Therapy
place.
Some say love is something exist beyond everything.
Some say love is something as powerful as death.
But for me, love is someone who was created by god from my
own ribs.
For me, love became something which haunted my entire life.
For me, love is . . . .
Midnight
Therapy
a novel by
Tshin Min Han
အကြိုစကားနည်းနည်း . . . .
တနှစ်၊
နှစ်နှစ်၊
သုံးနှစ် ကြာသွားတယ်။
▪️
▪️
▪️
ဂျူးဘာတွေပြန်ဖြေခဲ့သလဲ ?
ချစ်တတ်ကြသူတိုင်း
“ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခ”မှ
ကင်းဝေးကြပါစေ
သျှင်မင်းဟန်
PART (1)
ဘုရားသခင်ဟာ ငါ့နံရိုးကိုထုတ်ပြီး
ယောက်ျားတယောက် ဖန်ဆင်းခဲ့တယ်
တနင်္ဂနွေနေ့တနေ့ရဲ့
လွမ်းမောဖွယ်နာရီများထဲ
ဘုရားသခင်ဟာ ငါ့ကို အိပ်မောကျစေခဲ့တယ်။
ပြီးမှ
ဘုရားသခင်ဟာ
ငါ့နံရိုးကိုထုတ်ပြီး ယောက်ျားတယောက် ဖန်ဆင်းခဲ့တယ်။
ဖုံးကွယ်ထားတဲ့
ညရဲ့ ဆူညံမှုထဲ
တယောက်တည်း
အထီးတည်း ရပ်နေသူဟာ
ဘယ်သူလဲ . . .
ရာသီဥတုပျက်လာတဲ့
လက်ဖက်ရည်တွေ
မီးမစွဲသေးတဲ့ ဆေးလိပ်တွေမြင်တော့
ငါ ရူးချင်တယ်
ချစ်ခြင်းမေတ္တာကို သာ၍တိုးပြီး
ထိတွေ့မိတဲ့ညဟာ
တိမ်ထူထူညနက်ထဲ
ကောင်းကင်မှာ လင်းချင်းလို့
အသက်ရှူနေတိုင်း
ရှင်သန်နေတာ မဟုတ်ကြောင်း
ရူးသွပ်နေသူတယောက်ရဲ့
ကြိုးစမှာ သွေးစတချို့
တွေ့ရတယ်။
ငါ့နံရိုးဟာ ယောက်ျားတယောက်အဖြစ်နဲ့
မြောက်ဘက် အစွန်အဖျားပိုင်းထဲ
တိုးဝှေ့ဝင်ရောက်
ငါ နံရိုးပျောက်ခဲ့တယ်။
သျှင်မင်းဟန်
A Rainy Day at Present. . .
“ကိုယ့်နာမည် ထက်ဘုန်းရှိန်”
အသံက တိုးညှင်းဖျော့တော့နေသည်။ တချိန်တည်းတွင် လေးလံ
ထိုင်းမှိုင်းမှု အချို့ကလည်း ထင်ဟပ်နေသယောင်။ ပြင်ပမှ
အ,ကာလ ညအခါ၏ တိတ်ဆိတ်မှုနှင့် အပြိုင် တိုးညှင်းလွန်းနေ
သလို၊ လေပြင်း တိုက်ခတ်သည့် ဒဏ်ကို ကြံ့ကြံ့ခံနေသည့် နံရံ
ပမာလည်း လေးလံ ခိုင်ခံ့နေသည်။
“ဟုတ်ပြီ ကိုထက်ဘုန်းရှိန် __ ဒါဆို ကျနော်တို့”
“ထက်ဘုန်းရှိန်”
“ဗျာ..”
ပထမလေသံနှင့် ကွဲပြားစွာပင် ပို၍ ခိုင်ခံ့လာသော လေသံ၊
မသိမသာ မြင့်တက်လာသော အသံနှုန်းကြောင့် ဒေါက်တာရဲရန်နိုင်
တယောက် ရုတ်တရက် အာစေးမိသွားသည်။ နုတ်စာရွက်ပေါ်
ပြေးလွှားရန် ဟန်ပြင်နေသော ဘောပင်ကို အသာအယာ ချထားလိုက်
ရင်း သူနှင့် မျက်နှာချင်းဆိုင်မှာ ထိုင်နေသော ထက်ဘုန်း
ရှိန်ကို ကြည့်လိုက်မိသည်။
“ထက်ဘုန်းရှိန်လို့ပဲ ခေါ်ပါ၊ ကိုထက်ဘုန်းရှိန်လို့
မဟုတ်ဘဲ ဒေါက်တာ . . အဲ . . ,ဆရာက ကိုယ့်ထက်လည်း အသက်ကြီးတာပဲ”
တဒင်္ဂအတွင်း တိတ်ဆိတ်ခြင်းကသာ လွှမ်းမိုးသွား
ပြန်သည်။ အခန်းတွင်း လေထုက ပြင်ပ လေထုနှင့်အပြိုင် ပြန်လည်
ထိုင်းမှိုင်းသွားသည်။ ပြတင်းမှန်ကို လာရောက် ရိုက်ခတ်နေ
သော မိုးစက်သံများက လွဲလျှင် နေရာတိုင်းတွင်
တိတ်ဆိတ်ခြင်းကသာ လွှမ်းမိုးလျက်။ စကားပြောသံမရှိ၊ သက်
ပြင်းယဲ့ယဲ့ချသံရယ်လို့ မရှိ၊ အိမ်မြှောင်စုတ်ထိုးသံမ
ရှိ။ နှစ်ဦးစလုံးကလည်း သည် တိတ်ဆိတ်မှုကြီးကို အသာအယာ
စောင့်ကြည့်နေကြသည့်နှယ် စကားမဆိုဖြစ်ကြ။ ထက်ဘုန်းရှိန်
မှာ ပြောစရာ စကားတွေ ရှိနေသေးတာကိုတော့ ဒေါက်တာ ရဲရန်နိုင်
သိနေသည်။ သို့ပေမဲ့ ထက်ဘုန်းရှိန်ဘက်က ဘာမှ ဆက်မပြောလာ။
“ထက်ဘုန်းရှိန်ဆိုတော့လည်း ထက်ဘုန်းရှိန်ပေါ့လေ။
နို့ ထက်ဘုန်းရှိန် ကိုယ်တိုင်ကလည်း ကိုယ့်ကိုယ်ကိုယ်
နာမ်စားသုံးတာ သာမန်နဲ့မတူဘူးဆိုတော့ ကျနော်က ကိုထက်ဘုန်း
ရှိန်လို့ ခေါ်လိုက်တာပါ”
ထက်ဘုန်းရှိန်က အသာအယာ ပြုံးသည်။
“ကိုယ်လို့ သုံးတာကို ပြောချင်တာ ထင်တယ်”
ဒေါက်တာရဲရန်နိုင်က ခေါင်းညိတ်ကာသာ ထောက်ခံလိုက်သည်။
“အရင်ကတော့ ကိုယ့်ကိုယ်ကိုယ် ကျနော်လို့ပဲ
သူလိုငါလို သုံးတာပါပဲ။ နောက်ကျမှ ကိုယ့်မှာ ရောဂါလေးတခု
ဝင်လာလို့”
“အဆန်းပါလားဗျ၊ ဘာရောဂါလဲ ဆိုပါဦး”
သူတို့ကြားက ရေခဲလွှာ ပြိုစပြုသည်ကို ဒေါက်တာ ရဲရန်
နိုင် သတိပြုမိသည်။ ထက်ဘုန်းရှိန်၏ လေသံ အသွားအလာက အတန်ငယ်
တော့ ရင်းနှီး ပျော့ပျောင်းလာသည် မဟုတ်လား။
ထက်ဘုန်းရှိန်က မပွင့်တပွင့် ပြုံးရင်းသာ ဆက်၍ စကား
ဆိုသည်။
“ကျနော်ဆိုတာက ကျွန်-တော် ကနေ လာတယ်မဟုတ်လား ဆရာ။
ခြေရာကောက်ကြည့်ရင် ကျွန်တော်မျိုးဆိုတဲ့ ပဒေသရာဇ်အသုံးက
နေ လာတာပဲ။ ဆရာနေဝင်းမြင့်ရဲ့ စင်္ကာပူဟောပြောပွဲတခု ရှိ
တယ်၊ အဲလေ . . . ဒါကိုတော့ ဆရာလည်း ကြည့်ဖူးမယ် ထင်တယ်”
“တခါသုံး လူ့အဖွဲ့အစည်းဆိုတာလား မသိဘူး၊ ကျနော်
နားထောင်ဖူးပါတယ်”
“အဟုတ်ပဲ။ အဲဒီမှာ ဆရာနေဝင်းမြင့်က ဗမာတွေ ကျွန်တော်-
ကျွန်မ သုံးတာက နှိမ့်ချတတ်တဲ့သဘောဆောင်တယ်လို့ ပြောတယ်
မဟုတ်လား”
မေးခွန်းဝါကျဖြစ်သော်လည်း မေးခွန်းသဘောကိုမဆောင်။
သို့အတွက် သူက ခေါင်းတချက်သာ ညိတ်ပြဖြစ်သည်။
“ကိုယ့်အမြင်ကတော့ နှိမ့်ချတတ်တာကနေ နိမ့်ကျသွားတတ်
တယ်ဆိုတာပဲ။ နှိမ့်ချတတ်တာကို ဘာသာရေး အမြင်ကတော့
ချီးမွမ်းစရာပေါ့၊ ယဉ်ကျေးမှုရှိတယ်လို့ ထင်ရတာလည်း ပါ
ချင်ပါမှာပေါ့လေ။ ဒါပေမဲ့ ကိုယ်တို့က အမြဲနှိမ့်ချနေရာကနေ
ကိုယ့် အညွန့်ကလေးကိုယ် ပြန်ပြန်ပြီး တိမိ ရိတ်မိတတ်တဲ့
အဖြစ်မျိုး ရောက်လာရင်တော့ မကောင်းဘူးပေါ့။ တနေရာမှာတော့
ဒေါက်တာသန်းထွန်းက. . အင်း . . သူ့ အတ္ထုပတ္တိ စာအုပ်မှာ ထင်
ပါရဲ့၊ ဗမာတွေရဲ့ အရင်းခံ မူလအသုံးဟာ ‘ငါ’လို့ပဲ သုံးတယ်
တဲ့။ ငါ့လင်သခင်မင်းကြီး၊ ငါ့သားမင်းကြီး၊ ငါ့မြေး
မင်းကြီး၊ နောက် . . ဤငါလှူသော ကောင်းမှု ဘာညာပေါ့လေ။ ဟန်မ
လုပ်တတ်ဘူး၊ အရှိအတိုင်းပြောတယ်လို့ ရေးထားတယ်။ ကိုယ်တော့
သိပ်သဘောကျတာပဲ။ ဒါပေမဲ့ အပြင်မှာ ‘ငါ’လို့ သုံးရင် အခုခေတ်
လူ့အသိုင်းအဝိုင်းက လက်ခံနိုင်မယ် မထင်ဘူး။ လူဆိုတာ
individualistic မဖြစ်ဘူးလေ၊ သည်တော့ ရှဉ့်လည်းလျှောက်သာ ပျား
လည်းစွဲသာပေါ့ ဆရာရယ်၊ ကိုယ့်ကိုယ်ကိုယ် ‘ကိုယ်’လို့ စသုံး
ဖြစ်တယ်”
“လက်ခံနိုင်စရာ အကြောင်းပြချက်ပါပဲ။ ကျနော်ကတော့
ပြင်နိုင်မယ် မထင်ဘူး။ နှစ်သုံးဆယ်ကျော် နှုတ်ကျိုးခဲ့ပြီ
ကိုး၊ ဝါသနာ စရိုက်ဆိုတာ ပြင်ရ ခက်ပါတယ်”
ထက်ဘုန်းရှိန်က မထောက်ခံသလို၊ ကန့်လည်း ကန့်ကွက်မလာ။
သို့နှင့် စကားစက ပြတ်သလို ဖြစ်ရ၏။
“ဂျိန်း . . .”
အပြင်တွင် မိုးခြိမ်းသံ သဲ့သဲ့ ကြားလိုက်ရသည်။ အဝေးတ
နေရာမှ လာသည့် အသံမို့ အထိတ်တလန့် ဖြစ်ဖွယ် သဘောမဆောင်။
မိုးခြိမ်းသံက ည၏ တိတ်ဆိတ်မှုနှင့် တသားတည်း လိုလိုဟုပင်
ထင်ရ၏။
ဖြည်းဖြည်းချင်း ကျဆင်းစပြုလာသော မိုးရေစက်များက
ပြတင်းပေါက် မှန့ပြင်ကို တတောက်တောက်နှင့် စတင် ထိမှန်လာ
သည်။ သေချာ ဂရုစိုက်၍ ကြည့်လိုက်မည် ဆိုပါလျှင် ပြတင်းမှန်
ထက်၌ ရေစီးကြောင်းငယ်တချို့ စတင် စီးကျနေကြောင်းကိုလည်း
မြင်ရပေလိမ့်မည်။
ထက်ဘုန်းရှိန်က သူ့ထံမှ အကြည့်လွှဲကာ မိုးစက်များ
နှေးကွေး ညှင်းဖြည်းစွာ စီးကျလျက်ရှိသော ပြတင်းမှန်ဆီသို့
သာ ငေးမောနေလေ၏။ သူ့အမူအရာက မှန်ပြတင်းကို ကျော်လွန်ကာ
အဝေးတနေရာဆီ မြင်နေရသည့်အလား။ သို့တည်းမဟုတ် အဝေးတနေရာကို
မြင်နိုင်ရန် ကြိုးစားနေသည့် ဟန်လည်း ဖြစ်နိုင်သည်။
“ဒီလိုရက်မျိုးမှာပဲ . . . ”
ထက်ဘုန်းရှိန်၏ အသံက ခုနင်က စကားပြောနေသည့် လေသံထက်
ပို၍ ညှင်းဖြည်းတိုးရှသွားသည်ကို ဒေါက်တာရဲရန်နိုင်
သတိထားမိသည်။ တဖက်လူ ကြားလိုက်နိုင်သည် ဆိုရုံမျှသာ ရှိ
သော အသံနှုန်းထား။ ပို၍ တိကျစွာ ဆိုရလျှင်မူ ရဲရန်နိုင်ကို
ဦးတည် စကားပြောနေသည်နှင့်မတူဘဲ သူ့ကိုယ်သူသာ စကားဆိုနေ
သည့် ဟန်။
“သူ့ကို ပထမဆုံးတွေ့ဖူးတဲ့ ရက်တုန်းကလည်း အခုလိုပဲ
မိုးတွေ ရွာနေခဲ့တာ”
ရဲရန်နိုင် ဣရိယာပုထ် အနည်းငယ် ပြင်၍ ထိုင်လိုက်သည်။
ထို့နောက် ဘောပင်ထိပ်ဖျားကို နုတ်စာရွက်အလွတ်ထံ ပြန်လည်
ဦးတည်ပေးလိုက်ရင်း တန်ပြန် မေးခွန်းထုတ်မိသည်။
“သူဆိုတာက . . . ဘယ်သူလဲ ထက်ဘုန်းရှိန်”
ထက်ဘုန်းရှိန်က ပြတင်းမှန်ဆီ ကြည့်နေရင်းမှသည်
ရုတ်တရက်ဆိုသလို ရဲရန်နိုင်ထံ အကြည့်တချက် စူးခနဲ ပို့
လွှတ်လာသည်။ စက္ကန့်ဝက်မျှ အချိန်လေး အတွင်းမှာပင် ပြတင်း
မှန်ဆီ ပြန်၍ ငေးစိုက်နေပြန်သည်။
နှုတ်ခမ်းလွှာများက တဖြည်းဖြည်း ပွင့်ဟလာသည်။
သို့ပေမဲ့ ရဲရန်နိုင်၏ မေးခွန်းကိုကား မဖြေ။
“ဆရာသိလား . . . ကိုယ်က ဒီလို မိုးရွာနေတဲ့ ရက်တွေကို
အတော်လေး သဘောကျတယ်”
ထက်ဘုန်းရှိန်၏ အသံက နွေးထွေးနေကာ နှစ်လိုဖွယ်အတိ။
ရှောင်ရှားတိမ်းဖယ်မှု။
ဟုတ်သည်၊ ရှောင်ရှားတိမ်းဖယ်မှုတခုကို ရန်ရဲနိုင်
ခံစားလိုက်မိသည်။
သို့ပေမဲ့ မူလမေးခွန်းဆီသို့ တည့်တိုးကြီးပြန်မေး၍ မ
ဖြစ်။ သည်လို မေးလိုက်လျှင် ထက်ဘုန်းရှိန်၏ ခုခံမှုက ပို၍
ထူထဲနက်ရှိုင်းသွားနိုင်သည်။ ထို့ကြောင့် ထက်ဘုန်းရှိန်၏
လေကြောအတိုင်း လိုက်ပေးလိုက်မိသည်။
“အင်း . . . ဘာကြောင့်လဲ ထက်ဘုန်းရှိန်”
“အင်း . . .”
ထက်ဘုန်းရှိန်က ထိုင်ခုံကို ပျင်းရိစွာပင် မှီတွဲ
ထိုင်လိုက်သည်။ သူ့ကြည့်ရတာ ယခုမှပင် ပို၍ သက်သောင့်သက်သာ
ရှိသွားသယောင်။
“မိုးရွာနေတာကို ကိုယ်သဘောကျတယ်၊ ကိုယ့်အတွက်တော့
မိုးရွာနေတာက အေးချမ်းသလိုပဲ။ မြေပေါ်မှာ ရှိသမျှ
ဖုန်မှုန့်တွေ . . . အမှိုက်သရိုက်တွေကို မိုးရေစက်တွေက
ရှင်းပေးသွားတယ်။ ဟီရာ့ကလစ်တပ်စ် ပြောသလိုပေါ့ ‘အရာရာဟာ
စီးဆင်း ပြောင်းလဲနေတဲ့အတွက် ဘယ်အရာမှ မတည်မြဲဘူး’ ဆိုတာ
လိုမျိုးလေ. . .။ ဆရာရော အဲသည်လို မထင်မိဘူးလား”
ရဲရန်နိုင် ခေါင်းကို ဖြည်းညှင်းစွာ ညိတ်ပြလိုက်သည်။
“Nothing lasts, for everything flows ဆိုတဲ့ စာသားမလား၊ ကျ
နော် ဖတ်ဖူးတယ်”
“အမှန်ပဲပေါ့”
ထက်ဘုန်းရှိန်ဘက်က ထပ်မံ တိတ်ဆိတ်သွားသည်။ မိနစ်ဝက်
ခန့် ကြာပြီးမှ ရဲရန်နိုင်ကို ထပ်မံ စိုက်ကြည့်လာပြန်သည်။
“မိုးရွာနေပြီဆိုရင် ဘယ်အရာကိုမှ သေချာမမြင်ရတော့
ဘူး”
ဒါကိုတော့ ရဲရန်နိုင် အင်းမလုပ်၊ အဲမလုပ် ငြိမ်၍သာ
နားထောင်လိုက်မိသည်။ ထက်ဘုန်းရှိန် ဆက်ပြောသည်ကို သူ
စောင့်ရမည်။
“မိုးရွာလာပြီဆိုရင် မြင်ရသမျှ အရာအားလုံးက မှုန်
မှိုင်းသွားတယ်။ အစစ်အမှန်က ဘာလဲ သိဖို့ ခက်ခဲလာတယ်။ မိုး
စက်တွေကြားထဲမှာ လူတယောက်က လုံလောက်တဲ့အကွာအဝေးကနေ ပုန်း
နေမယ်ဆိုရင် ပုန်းနေလို့ဖြစ်တယ်၊ အဲဒါက လုံခြုံမှုတမျိုး
လိုပဲ၊ အဲဒါကြောင့် ကိုယ် မိုးရွာနေတဲ့အချိန်တွေကို
သဘောကျတာ”
ရဲရန်နိုင် သဘာဝကျကျပင် ပြုံးလိုက်သည်။ သည်စကားက
အဓိပ္ပါယ်အချို့ ရောယှက် ပါဝင်နေသည်။ သာမန်ကာ လျှံကာစကား
မျိုး ဟုတ်မနေ။
“ဒါပေမဲ့ သူ့ကိုလည်း သတိရမိတယ်မဟုတ်လား ထက်ဘုန်း
ရှိန်၊ ကျနော့်ကို အဲဒီအကြောင်း ပြောပြနိုင်မလား”
ထက်ဘုန်းရှိန်၏ ကိုယ်ဟန်အနေအထားက တောင့်တင်းသွားသည်။
“သူဆိုတာက ဘယ်သူလဲ ထက်ဘုန်းရှိန်”
ခေတ္တမျှ ဆိတ်ငြိမ်သွားပြီမှ ထက်ဘုန်းရှိန်၏
နှုတ်ခမ်းတို့ ပွင့်ဟလျက် နာမ်စားတခုကို အသက်ဝင်စွာ တိုး
ဖျော့ဖျော့ ဆိုလာသည်။
“မောင် . . .”
A Rainy Day ten years ago . . .
လျှို့ဝှက်သောကဗျာ
မောင် . . .
သည်လိုခေါ်တော့၊
ဖျော့ဖျော့သူပြုံး၊ ရင်ခုန်တုန်းမှာ၊
ဆိတ်သုဉ်းဝန်းကျင်၊ ရှိ မထင်ပြီ
ကြင်သူ့မျက်နှာ တကမ္ဘာ။
မောင် . . .
သည်လိုခေါ်တော့၊
မှီလျော့ရင်ခွင်၊ နွေးပြီထင်၏
ခေါ်ငင်သဲ့သဲ့၊ သူအလှည့်မှာ
ချစ်တဲ့နှုတ်ခမ်း နမ်းမိသည်။
ပြန်ကြစို့ကွယ် . . .
ပန်းခင်းလယ်မှာ၊ မြှူရယ်ပြုံးရင်း
ချော့မော့ရင်းပေါ့၊ တိုးညှင်းချိုသာ
ပြောခါမှပဲ၊ အနမ်းစဲသည်
ခွဲရမှာကို လွမ်းသတဲ့။
သည်လိုဆိုတော့
ညှိုးပြုံးချိုသာ၊ မောင့်မျက်နှာကို
ငေးသာကြည့်မိ၊ စိတ်လျှော့မိပေါ့
ကိုယ်၏ကြင်သူ၊ ချစ်တဲ့လူကို
ဘယ်သူတော်လှန်နိုင်မှာလဲ။
A Rainy Day at Present . . .
06:00 AM
10:00 AM
“မမှတ်မိတော့လို့လား”
ဟုတ်လည်းဟုတ်သည်၊ ဟုတ်လည်းမဟုတ်။ ဇွဲဟိန်းသာဆိုသည့်
ကောင်ကလေးကို သူမှတ်မိသည်။ သို့ပေမဲ့ သူမှတ်မိနေသေးသည့်
သူ့မှတ်ဉာဏ်ထဲက ဇွဲဟိန်းသာက ခပ်ပိန်ပိန်၊ အသား ခပ်လတ်လတ်
အညိုပြေး၊ မှုန်ကုပ်ကုပ်မျက်နှာထား၊ စကားက ခပ်နည်းနည်း။
ယခု သူ့ရှေ့မှာတော့ အသားဖြူဖြူ၊ ပန်းနုပြေးနှုတ်ခမ်း၊
နှုတ်ခမ်းမွှေး ရေးရေး၊ မျက်လုံးများရော နှုတ်ခမ်းကပါ
နှစ်လိုဖွယ်ပြုံးနေသော ကောင်ကလေး။ သည်ပုံရိပ်နှစ်ခုက တ
ယောက်တည်းဆိုသည်ကို ရုတ်တရက်တော့ သူ ဝေခွဲမရ ဖြစ်သွား
ကြောင်း ဝန်ခံရမည်။
“ရောက်နေတာကြာပြီလား အဲ . . . ဇွဲဟိန်းသာ . . .။ ငါ chess
ပွဲထဲ အာရုံနစ်နေလို့၊ ရောက်တည်းက မပြောဘူး”
“မင်း အာရုံပျက်မှာစိုးလို့လေ . .”
“လာလာ ဟိုထောင့်နား သွားထိုင်မယ်”
သို့နှင့် chess ကစားဝိုင်းမှ ပြောင်းကာ ထောင့်ကျကျ
စားပွဲတလုံ၌ ဝင်ထိုင်လိုက်ကြသည်။ ထို့နောက် ဘာဆက်ပြောရမည်
မသိတော့ပေ။ ဇွဲဟိန်းသာလည်း သို့နှယ် ဖြစ်နေပုံရ၏။
ထက်ဘုန်းရှိန်က ထိုင်ခုံကို နောက်မှီ၍ ထိုင်လိုက်
သည်။ ဆိုင်၏ ထောင့်စွန်းတွင်မို့ နံနက်နေရောင် နုနုက သူ့
မျက်နှာပေါ်သို့ အဆီးအတားမရှိ ဖြတ်သန်း ကျရောက်လျက်ရှိ
သည်။ နေပူနေသည်ဟုလည်း မခံစားမိ။ နေရောင်ခြည်၏ အနွေးဓါတ်
ကို ခံစားရင်း သူ့တကိုယ်လုံးကို ဖြေလျှော့ထားမိသည်။ သူ့
ရှေ့မှာ ထိုင်နေသူက ပြောင်းလဲသွားသည်။ အင်း . . .ပြောင်းလဲ
သွားသည်။ သည်ကောင်လေးက လွန်ခဲ့သည့် နှစ်အချို့တုန်းက သူ
နှင့် စာသင်ခုံ တခုံတည်းမှာ ထိုင်သွားသူဆိုသည်ကို သူ မယုံ
နိုင် ဖြစ်နေသည်။ သူ့ကို လုံးဝ စကားမပြောခဲ့ဟု ဆိုရလောက်
အောင် စကားကျဲပါးခဲ့သူ။ သူ့ကိုယ်ပိုင် ထောင့်ကွေးလေးမှာ အ
မြဲလိုလို တကိုယ်တည်း အိပ်မောကျနေခဲ့သည်ဟုတောင် ထင်ရလောက်
အောင် အနေအေးခဲ့သူ။ ထိုသူက ယခုတော့ ထက်ဘုန်းရှိန်ရှေ့မှာ အ
နူးညံ့ဆုံး အနွေးထွေးဆုံး ပြုံးပြနေခဲ့လို့။
“ဒီနေ့ လိုင်းပေါ်ကနေ စာပို့တာရော၊ ငါနဲ့ တကယ်ကြီး လာ
တွေ့တာရောက တကယ်တွေးကြည့်ရင် ဖြစ်နိုင်ချေတော့ အတော်နည်း
တယ်နော်။ နည်းနည်းတော့ ထူးဆန်းတယ်။ ထူးဆန်းပေမဲ့ ကောင်းပါ
တယ်။ ဘယ်လို ပြောရမလဲ . . . တိုက်ဆိုင်တာများလား၊ ဒါမှမဟုတ်
ဖြစ်ကို ဖြစ်လာရမှာမျိုးလားတော့ မသိဘူး”
ဇွဲဟိန်းသာက သူ့ကို နူးညံ့စွာပင် ကြည့်လာသည်။ ဇွဲ
ဟိန်းသာ၏ မျက်လုံးများက သူနှင့် အကြည့်ဆုံလိုက်တိုင်း
နူးညံ့သထက် နူးညံ့ပြီး နက်ရှိုင်းသထက် နက်ရှိုင်းသွားသည်
ဟု သူထင်မိသည်။
“အင်း . . မင်းနဲ့ ပြန်တွေ့ရတာက နည်းနည်းတော့ . . .။ ထားပါ
လေ။ ငါလည်း မင်း တကယ် လာတွေ့ဖို့ ပြောလိုက်မယ် မထင်ထားဘူး”
ထက်ဘုန်းရှိန်က စီးကရက်တလိပ်ထုတ်၍ မီးညှိလိုက်သည်။
ထို့နောက်မှ စကားပြန်သည်။
“ဆယ်တန်းတုန်းက တတန်းတည်းသား၊ သူငယ်ချင်းပဲလေ၊ တွေ့
ချင်ပါတယ် ပြောနေတာကို ငါက ငြင်းစရာလား”
သူက သည်လို ပြောလိုက်တော့ ဇွဲဟိန်းသာ၏ မျက်နှာထားက
အနက်ဖော်ရခက်စွာ နက်ရှိုင်းသွားကြောင်း မြင်ရ၏။
“လိုင်းပေါ်မှာတုန်းက ငါ့ကို မေးတာ ဘာလဲ၊ ဇွဲဟိန်းသာ
လေ မမှတ်မိဘူးလားဆိုတာ၊ ခုနကလည်း ထပ်မေးတယ်”
ထက်ဘုန်းရှိန်က စကားကို ဆက်မပြောဘဲ ခပ်ဖွဖွလေး ရယ်
လိုက်သည်။
“ထူးဆန်းတာက ဘာလဲသိလား၊ ငါမင်းကို အကြောင်း
တိုက်ဆိုင်တိုင်း သတိရမိတယ် ဆိုတာပဲ”
သည်တကြိမ်တွင်တော့ ဇွဲဟိန်းသာက မေးခွန်းများနှင့်
ပြည့်နှက်နေသော အကြည့်နှင့် သူ့ကို ကြည့်လာသည်။
“အမြဲလိုလို တိတ်ဆိတ်ပြီး၊ လင်းမြတ်သော်တယောက်နဲ့ပဲ
ကောင်းကောင်း စကားပြောတာ၊ နောက်ပြီး အားရင် အားသလို
ပြတင်းပေါက်ကို မှီပြီး ငေးရင်း တွေးချင်ရာ တွေးနေတတ်တာ၊
ငေးနေလိုက်တာများ တခုခု အာရုံကျစရာ ရှိနေသလိုပဲလေ။ ငါ့ကို
စကားသိပ်မပြောပေမဲ့ . . . . ဘယ်လိုပြောရမလဲ ငါသေချာမသိဘူး၊
မင်းနဲ့ ပတ်သက်လို့ တခုခုပဲ၊ အရမ်းကို စပ်စုချင်စရာကောင်း
တဲ့ တခုခုပေါ့၊ မင်းဘာတွေ တွေးနေလဲဆိုတာကို အမြဲလိုလို သိ
ချင်ခဲ့မိဖူးတယ်၊ အဲဒီတုန်းကဆိုပါတော့”
ဇွဲဟိန်းသာက တခုခုကို အလျဉ်စလို ပြောတော့မလို ဟန်ပြင်
လိုက်သည်ကို သူသတိထားမိလိုက်သည်။ တခုခု . . .။ သူသတိထား
မိသည်။ သို့ပေမဲ့ တကယ်လား၊ သူ စိတ်ထင်တာပဲလားဆိုသည်ကို
ဝေခွဲ၍ မရနိုင်လောက်အောင်ကို ဇွဲဟိန်းသာ၏ မျက်နှာထား
ထိန်းတတ်မှုက မြန်ဆန်တိကျလွန်းသည်။
“စကားနည်းတယ်လို့ ထင်ရတယ်လား . .။ ငါက စကားပြောရတာထက်
ငေးကြည့်နေရတာကို ပိုသဘောကျလို့ လို့ ထင်တယ်။ အထူးသဖြင့်
မင်း. . .”
“ငါ . . . ?”
သည်တကြိမ်မှာတော့ ထက်ဘုန်းရှိန် အံ့အားသင့်မိသား။
“မင်းက တခြားသူတွေနဲ့ မတူဘူးလေ၊ အာရုံမစိုက်မိဖို့
ခဲယဉ်းတယ်။ ငါအာရုံမစိုက်မိအောင် ကြိုးစားတာတောင် မရဘူး”
အနည်းငယ်တော့ ထက်ဘုန်းရှိန် နေရခက်မှုအချို့ကို
ခံစားလိုက်ရသည်။
“ဒါထက် ဘာလို့ အဝေးသင်ပဲ တက်တာလဲ”
စကားလမ်းကြောင်း ပြောင်းခြင်း။ ဟုတ်သည်။ ဘာကြောင့်
ရယ်မသိ၊ သူ စကားလမ်းကြောင်း ပြောင်းမိသည်။
“ဒီလိုပါပဲ၊ မတက်ချင်လို့ရော၊ နောက်ပြီး ခြံကို
အာရုံစိုက်ချင်လို့ရော၊ ဆည်ပေါက်မှာ ငါတို့အိမ်က ပိုင်တဲ့
ခြံ ရှိတယ်လေ၊ ပျိုးပင်တွေ ရောင်းတာပေါ့”
“အင်း. . . .”
ထက်ဘုန်းရှိန် စီးကရက်ပြာတွေကို အသာလေး ခါချလိုက်
မိသည်။
“ဘုန်းရှိန် . . မင်းကရော ဘာလို့ ပုပ္ပါးကိုရောက်လာတာ
လဲ”
သူ ခပ်ဖွဖွ ရယ်မိသည်။
“မားသားနဲ့ နည်းနည်း ကွိုင်ထားလို့၊ ဦးလေးအိမ်မှာ လာ
နေနေတာ၊ ကျောင်းဖွင့်ရင်တော့ မန္တလေးပြန်မယ် စိတ်ကူးတယ်၊
ဒါပေမဲ့ မနက်ဖြန် သန်ဘက်လောက်ဆို ငါ မန္တလေးပြန်တော့မယ်”
ဇွဲဟိန်းသာက “တွေ့ကာစ ရှိသေးတာကို” ဟု ခပ်တိုးတိုး
ရေရွတ်လိုက်သည် ထင်သည်။ သေတော့ မသေချာ။ အသံက တိုးလွန်း
နေသည်။ သူလည်း သေချာ မသဲကွဲလိုက်။
“ဘာလို့လဲ ကျောင်းတောင် မဖွင့်သေးဘဲ”
သည်မေးခွန်းကိုတော့ အသေအချာကို မေးလာခြင်း။
“ဒီလိုပဲ. . . .”
ဇွဲဟိန်းသာက တိတ်ဆိတ်သွားသည်။ ဇွဲဟိန်းသာ၏ နှုတ်ဆိတ်နေဟန်ကမူ
ပုံစံ ပျောက်မသွားသေး။ ငူငူ ငိုင်ငိုင်လေး။ အထက်တန်းတုန်း
က ငူငိုင်နေသော ဇွဲဟိန်းသာက မှိုင်းပျပျဆန်ပြီး သူ့ရှေ့
တည့်တည့်က ဇွဲဟိန်းသာ၏ တိတ်ဆိတ်မှုက အရောင်ပိုစိုကာ၊ ပို၍
စိတ်ဝင်စားဖွယ် ကောင်းနေသည်ကသာ ကွာသည်။
“ဆယ်တန်းတုန်းက မင်းနဲ့ စကားသိပ်မပြောဖြစ်ဘူး။ ငါက
initiative မဖြစ်တာနဲ့ မင်းက ငြိမ်တာနဲ့ ဆုံသွားခဲ့တာ ထင်တာ
ပဲ”
ထက်ဘုန်းရှိန်က သည်လိုပြောတော့ ဇွဲဟိန်းသာက ခပ်ဖွဖွ
ကလေး ပြုံးလိုက်သည်ကို မြင်ရ၏။ ဇွဲဟိန်းသာ ပြုံးပုံက နှစ်
လိုဖွယ်ကောင်းသည်ဟုလည်း ထင်မိသည်။
“အင်း . . . ဘာပြောရမလဲ မသိတာရယ်၊ မနှောက်ယှက်မိချင်တာ
ရယ်ကြောင့်ပါ၊ လုံးဝ မပြောဖြစ်တာတော့ မဟုတ်ပါဘူး၊ ငါ့
မှတ်ဉာဏ်ထဲမှာ ငါမှတ်မိသလောက်တော့ ငါတို့ စကားပြောဖူး . . .
အင်းလေ စကားပြောဖူးတဲ့ အချိန်တွေ ရှိပါတယ်”
ဇွဲဟိန်းသာ၏ စကားထဲတွင် သည့်ထက် ပိုနက်ရှိုင်းသည့်
အရာတခုခုကို မြှုပ်နှံဖုံးကွယ်ထားသည်ဟု ရုတ်တရက်ဆိုသလို
သူခံစားမိလိုက်သည်။ သို့ပေမဲ့ မသေချာပြန်။
“မှတ်ဉာဏ်တွေ၊ ငါကလည်း မင်းရဲ့ မှတ်ဉာဏ်တွေထဲကတခု
ဖြစ်ခဲ့တယ်၊ မင်းကလည်း ငါ့မှတ်ဉာဏ်တွေထဲက တခု ဖြစ်နေတယ်”
ထက်ဘုန်းရှိန်က ထိုမျှသာပြောပြီး စီးကရက်ကို ရှိုက်
ဖွာလိုက်သည်။ စီးကရက် အငွေ့များကို အကုန်အစင် မှုတ်ထုတ်
လိုက်ပြီးမှ ဆက်ပြောသည်။
“ငါတို့အားလုံးက မှတ်ဉာဏ်တွေသက်သက်ပဲလို့ တွေးမိဖူး
လား . .”
ထိုသို့မေးပြီး ဇွဲဟိန်းသာကို ကြည့်မိတော့ သူ့ကို
စိုက်ကြည့်နေသည့် မျက်ဝန်းတစုံနှင့် ခလုတ်တိုက်သည်။ ဘာ
ကြောင့်လဲမသိ။ ထိုမျက်ဝန်းများထဲတွင် အားတခု ရှိနေသည်။ သူ
မျက်လုံးချင်း ဆုံမကြည့်ဝံ့အောင် လွှဲဖယ်သွားစေနိုင်သော
အားမျိုးတော့ မဟုတ်။ အားတခု ဆိုသည်ထက် ဆွဲဆောင်မှုဟု ဆိုရ
မည်။ ဆိုတော့ သူလည်း အကြည့်ကို မလွှဲဖယ်မိ၊ ပြန်၍သာ စိုက်
ကြည့်နေမိသည်။
“အင်း . . . မှတ်ဉာဏ်ဆိုတာ ဖျက်ပစ်ဖို့ခက်ခဲတယ်၊ ငါ
ကတော့ မင်း . . . အင်းလေ မင်းတို့ငါတို့ အတူတူရှိဖူးတဲ့
မှတ်ဉာဏ်တွေကို သဘောကျတယ်၊ အခု ငါဆိုတာက အရင်တုန်းက ငါဆို
တဲ့ မှတ်ဉာဏ်ကနေ ပေါက်ဖွားလာတာပဲလေ၊ အခု မင်းနဲ့ ပြန်တွေ့
နေရတာကလည်း အရင်တုန်းက မှတ်ဉာဏ်တခုဖြစ်နေခဲ့ဖူးလို့
ပဲ. . .အမှတ်တရတခု ဖြစ်နေဖူးလို့ပဲလေ”
ထက်ဘုန်းရှိန်က ဟက်ခနဲ ရယ်သည်။ သူ့ထံက ရယ်သံပိစိလေး
ပြိုကျလာတော့ ဇွဲဟိန်းသာက သူ့ကို နားမလည်ဟန်နှင့်
ကြည့်သည်။
“ငါ့မှာ နည်းနည်းလေး ပေါတောတောနိုင်တဲ့ စိတ်ကူးတခု
ရှိတယ်”
ဇွဲဟိန်းသာက သူ့စကားကို ရေလည်ဟန်မတူသေး။
“တနေ့ကျရင် ငါ မှတ်ဉာဏ်ပြတိုက်တခု ဖွင့်ချင်တယ်။
မှတ်ဉာဏ်အစစ်တွေ၊ အမှတ်တရအစစ်တွေကို ပြထားတာမျိုးမဟုတ်ဘဲ
အမှတ်တရနဲ့ မှတ်ဉာဏ်တွေကို အသစ်ပြန်ဖန်တီးနိုင်တဲ့
ပြတိုက်မျိုးလေ၊ လူတွေက အဲဒီပြတိုက်ကိုလာမယ် သူတို့ရဲ့
မှတ်ဉာဏ်တွေကို အသစ်ပြန်ဖန်တီးကြည့်ကြမယ်၊ သူတို့ လုံးဝ မ
ကြုံဖူးတဲ့ မှတ်ဉာဏ်တွေ အမှတ်တရတွေကိုလည်း ဖန်တီးကြည့်
လို့ရမယ်။ ဥပမာကွာ. . . . ထွက်ခါစ ရထားတစီးရဲ့ ဝင်ပေါက်မှာ
ရပ်နေတဲ့ ချစ်သူရဲ့ နှုတ်ခမ်းကို ခွဲခွာရခါနီး မမှီမကမ်း
လှမ်းနမ်းရတဲ့ မှတ်ဉာဏ်မျိုးပေါ့။ လုံးဝ တထပ်တည်းလို့
မဟုတ်ရင်တောင်မှ ခံစားချက်တချို့ကို ဖမ်းဆုပ်နိုင်လောက်
မှာမျိုးပေါ့”
ဇွဲဟိန်းသာက သူ့အပြောကို သဘောတကျ ရှိဟန်နှင့်
ပြုံးသည်။ ဇွဲဟိန်းသာ၏ အပြုံးက သူ့မျက်နှာပေါ် ကျနေသော
နေရောင်ကဲ့သို့ပင် နေရခက်လောက်အောင် မဟုတ်ဘဲ နူးညံ့နွေး
ထွေးနေသည်ဟု ထက်ဘုန်းရှိန် ထင်မိသည်။
“အဲဒီစိတ်ကူးက သဘောကျချင်စရာလေး ဒါပေမဲ့ တကယ်ကို ပေါ
တောတောနဲ့။ ပေါတောတောနိုင်ပေမဲ့လည်း သဘောကျချင်စရာလည်း
ကောင်းတယ်။ မင်းဆိုလိုချင်တာက ဖမ်းဆုပ်လို့ မရနိုင်တဲ့
မှတ်ဉာဏ်တွေကို ဖမ်းဆုပ်ထိတွေ့လို့ရတဲ့ လက်တွေ့အရာအဖြစ်
ပြောင်းလဲတာမျိုးပေါ့”
ဇွဲဟိန်းသာသည် ခပ်တိုးတိုးလေး သဘောတကျ ရယ်နေသေးသည်။
ထက်ဘုန်းရှိန် ဘာကြောင့်ရယ်မသိ ဇွဲဟိန်းသာ၏ ဟန်ပန်က
အတန်ငယ် သဘောကျချင်စရာကောင်းသည်ဟု ထင်သည်။ သူ ယောက်ျားလေး
များကို သဘောမကျဖူးသည်မဟုတ်။ အမှန်ဆိုလျှင် ယောက်ျားလေး တ
ယောက်နှင့်ပင် တရားဝင် တွဲခဲ့ဖူးသည် မဟုတ်လား။ သို့ပေမဲ့
ဇွဲဟိန်းသာကိုတော့ သဘောကျချင်စရာဟု မမြင်ခဲ့စဖူး။
အနည်းဆုံးတော့ သဘောကျချင်စရာဟု မမြင်ခဲ့ဖူးဟု သူ ထင်သည်။
အင်း. . . .။ ထင်သည်။ သဘောကျဖူးတာလည်း ဖြစ်နိုင်သည်။ သည်
ခံစားမှုလေးက ရင်းနှီးနေသည် မဟုတ်လား။ သူ့စိတ်ထဲတွင် တ
ကြိမ်တခါတုန်းက ဖြစ်တည်ခဲ့ဖူးသည့် ခံစားချက်ဆိုသည့်
အရိပ်အငွေ့လေး။
ထက်ဘုန်းရှိန်က သောက်လက်စ စီးကရက်တဝက်ကို မီးငြှိမ်း
သတ် ထိုးချေကာ စားပွဲထောင့်စွန်းပေါ် တင်ထားလိုက်သည်။
ထို့နောက် စီးကရက်အသစ်တလိပ်ကို ထုတ်ကာ မီးညှိသည်။ ဇွဲ
ဟိန်းသာကတော့ သူ့ကို အထူးအဆန်းသတ္တဝါဟု ထင်လေသည်လားမသိ
သည့် အကြည့်နှင့် ကြည့်နေသည်။
“ကုန်အောင်မသောက်ဘဲ ဘာလို့ အသစ်တလိပ် ထပ်သောက်တာလဲ”
“ရည်းစားဟောင်းပေးတဲ့ အကျင့်ဆိုပါတော့”
“ဆိုတော့ ရည်းစားထားဖူးပြီပေါ့”
သည်မေးခွန်းကိုတော့ ဇွဲဟိန်းသာက သူ့ဆံပင်များကို
ထိုးဖွရင်း မေးလာခြင်း။
“ငါက ဆယ့်ကိုးနှစ်ပဲ ရှိနေပြီလေ၊ ထားဖူးပြီပေါ့”
“ငါမထားဖူးသေးဘူး”
သည်တခါတွင်တော့ ထက်ဘုန်းရှိန်က ဇွဲဟိန်းသာကို
အထူးအဆန်း သတ္တဝါ တကောင်နှယ် ပြန်ကြည့်ပေးလိုက်သည်။
“ထားပါတော့ ရည်းစားဟောင်းက ဘာအကျင့်ပေးလိုက်လို့လဲ”
“ငါက သူ စီးကရက်သောက်တာ မကြိုက်ဘူးလေ၊ အဲဒါကြောင့်
တရက်ကျတော့ ငါသူ့လက်ထဲက မီးညှိပြီးစ စီးကရက်ကိုယူပြီး
သောက်တယ်။ တဝက်ရောက်သွားတော့ သူက ငါ့ဆီကနေ စီးကရက်ကို ယူ
ပြီး မီးငြှိမ်းလိုက်တယ်။ ပြီးတော့ အဟင်း . . . နမ်းလိုက်တယ်။ ငါလည်း သူ
ပြတ်သွားပေမဲ့ ငါမကြိုက်ဘူးဆိုတဲ့ စီးကရက်တော့ သောက်တတ်
သွားတယ်။ ဒါပေမဲ့ ဘယ်စီးကရက်ပဲဖြစ်ဖြစ် တဝက်ပဲ သောက်ပြီး
ရင် ငါသိမ်းထားတတ်တယ်”
“keeping the moments alive?” ဇွဲဟိန်းသာက ပြန်မေးလာ
သည်။ သူ့မျက်နှာတွင် ဖမ်းဆုပ်မရနိုင်သော အရိပ်အငွေ့တချို့
ကို တွေ့နေရသည်ဟု ထက်ဘုန်းရှိန် ထင်မိသည်။
“ ငါတို့ရဲ့ ဘဝဆိုတာက တစစီဖြစ်နေတဲ့ အဖြစ်အပျက်လေး
တွေ၊ အမှတ်တရလေးတွေကို ကြိုးနဲ့ သီထားသလိုပဲလို့ ငါတွေး
ကြည့်ဖူးတယ်။ ငါတို့ ရွေးချယ်ခဲ့သမျှတွေက ငါတို့ လုပ်
လိုက်မိသမျှတွေက အဆုံးသတ်မှာ ဝေဝါးသွားတာပဲ အဖက်တင်တယ်၊
အခုပဲကြည့်လေ ငါက စီးကရက်ကို တဝက်အထိပဲသောက်တာက ငါတွဲခဲ့
ဖူးတဲ့ လူတယောက်ကြောင့်ဆိုပေမဲ့ ခုကျတော့ သူနဲ့ ပတ်သတ်
သမျှ မှတ်ဉာဏ်အများစုက ဝေဝါးသွားပြီ”
ဇွဲဟိန်းသာက ထိုင်ခုံကို ပြန်၍ မှီထိုင်လိုက်ရင်း၊ ဆိုင်အပြင်ကို
“ငါကတော့ အမှတ်တရတွေ၊ အဖြစ်အပျက်တွေဆိုတာက ငါတို့ ဒီ
ကာလတွေ အတောအတွင်း ဒီအတိုင်း ရှင်သန်ခဲ့ရုံ မဟုတ်ဘူးဆိုတာ
ပြန်ပြီး သက်သေထူပေးနိုင်တဲ့ အရာတွေပဲလို့ ထင်တယ် ဘုန်း
ရှိန်”
ထက်ဘုန်းရှိန် ဘာမှ ပြန်မပြောမိ။
“ငါ့အတွက်ဆိုရင် မင်းနဲ့ ဆုံခဲ့ရတာမျိုးပေါ့၊ အဲဒါ
ကို မင်းရဲ့ ပြတိုက်ထဲမှာဆိုရင် ဘယ်ကဏ္ဍလောက်မှာထားမလဲ၊
အသစ်ပြန်ဖန်တီးတာလား ဒါမှမဟုတ် အသစ်ဖန်တီးတာလား”
ဇွဲဟိန်းသာ၏ အကြည့်တို့က သည်တကြိမ်တွင်တော့ သူအကြည့်
လွှဲလိုက်ရလောက်အောင် အားပြင်းနေခဲ့သည်။
A sunny day 6 years ago
11:00 AM
01:00 PM
4:00 PM
ဘာအလိုဆန္ဒမှ
မများမြောင်ရပါဘူးအချစ်ရယ်
မင်း ကျန်းမာရဲ့လား
မင်း စိတ်ချမ်းသာရဲ့လား
ဒီအတိုင်းသာ
တကမ္ဘာလုံး ရှိနေဖို့ပဲ မဟုတ်လား . . . အဲဒီလိုမျိုးလေး
လေ ”
“မင်း ကဗျာရွတ်တာ နားထောင်လို့ တကယ်ကောင်းတယ်”
သို့နှယ်ပြောပြီးနောက် ဇွဲဟိန်းသာက မြက်ခင်းပေါ်
ထိုင်လိုက်သည်။ သူ့အကြည့်များကိုမူ အနောက် ဂေါယာစွန်းဆီ
သို့သာ စူးစိုက်ပို့လွှတ်လျက်။
“ငါက ကဗျာရွတ်ရတာကို သဘောကျတယ်လေ”
ထို့နောက် ဇွဲဟိန်းသာနှင့် ယှဉ်လျက်ထိုင်လိုက်ပြီး
အနားမှာ လက်လှမ်းမီသမျှ တောပန်းကလေးများကို လက်နှင့်
လိုက်လံတို့ထိ ကျီစားနေမိသည်။
“ကျောင်းတုန်းကလည်း မင်း အဲဒီလိုပဲနော်၊ ကိုးတန်း
ဆောင် ရှေ့ဘက်က ပျိုးပင်တန်းထဲမှာ တချိန်လုံး မြက်ပန်းတွေ
ကြည့်ရင်း နေနိုင်တယ်”
“ကြည့်ရတာ နည်းနည်း စိတ်လွတ်နေသလိုလိုနဲ့
ကြောင်တောင်တောင် နိုင်တယ်မလား”
“ဒီလိုတော့ ငါမပြောပါဘူး”
“နို့ တခြားကောင်တွေကတော့ အဲဒီအတိုင်းပဲ ပြောကြတာပဲမ
လား”
ထက်ဘုန်းရှိန်၏ လက်က တောပန်းလေးတပင်ကို ပွတ်သပ်ရင်း
ကစားနေသည်။
“အလှပန်းပင်တွေထက် ဘာလို့ တောပန်းတွေကို ပိုသဘောကျတာ
လဲ”
“ငါလည်းမသိဘူးလေ၊ သူတို့က ငါ့ကို ကြောင်စီစီနဲ့လို့ မ
ပြောလို့ ဖြစ်မှာပေါ့”
ထက်ဘုန်းရှိန်အသံက အနည်းငယ် ရယ်ရိပ်မြူးကာ ပေါ့ပါး
လို့နေသည်။
“မင်းက ကြောင်စီစီမဖြစ်ပါဘူး”
ဇွဲဟိန်းသာက သည်လိုပြောပြီးနောက် သူ့ကို စိုက်ကြည့်
နေမှန်း ခံစားမိသည်။ သို့ပေမဲ့ သူ့အကြည့်များကို တောပန်း
ကလေးဆီမှ မလွှဲဖယ်မိ။ ဇွဲဟိန်းသာ သူ့ကို တနည်းနည်းနှင့် သဘောကျနေ
ကြောင်းကိုတော့ နေ့လည်တည်းက သူ ရိပ်မိသည်။ သို့ပေမဲ့ ဘယ်အချိန်တည်းက
ဆယ်တန်းတည်းကလား။ မဟုတ်လောက်ပါ။ အဲသည်တုန်းကတော့ စကားတောင် သိပ်မပြော
ထို့ထက် ပို၍ အရေးကြီးသည့် ပြဿနာရှိသေးသည်။ သူကရော ဇွဲ
ဟိန်းသာကို သဘောကျနေသလားဆိုသည့် ပြဿနာ။ ဘယ်လို ဆန်းစစ်ပါ
စေ ဟုတ်သည်ဟုသာ အဖြေထွက်သည်။ ခက်ချေပြီ။
ငြိမ်သက်ခြင်းက သူတို့အကြား ခေတ္တကြီးစိုးသွားသည်။
အိပ်တန်းဝင်ငှက်များ၏ အသံကိုတော့ ဆူညံသံဟု မဆိုသာသော အသံ
နှုန်းနှင့် ကြားနေရ၏။
“ငါနဲ့ လိုက်လာပေးတာ ကျေးဇူးတင်ပါတယ် ရှိန်၊ အင်းလေ . .
. အဲဒီလို ခေါ်လို့ ဖြစ်တယ်မဟုတ်လား”
ဇွဲဟိန်းသာ၏ လေသံတွင် တိုးရှခြင်း၊ ဩဇာညောင်းခြင်း
နှင့် တောင်းပန်တိုးလျှိုးခြင်းတို့ တစုံတခုသော
အချိုးအစားနှင့် ရောနှောပါဝင်နေကြောင်း သူ သတိပြုမိသည်။
သို့ပေမင့် ဘယ်သင်းက အလေးသာသနည်း။ ဆုံးဖြတ်ထားပြီးသားကို
အသိပေးလေသယောင် ဩဇာညောင်းခြင်းက အလေးသာသလော၊
သို့တည်းမဟုတ် သို့နှယ် ရှိန် . .ဟု ခေါ်ပါရစေဆိုသည့်
တောင်းပန်တိုးလျှိုးခြင်းက အလေးသာသလော။ ဒါကိုတော့
ကာယကံရှင်ကိုယ်တိုင်သာ သိပေလိမ့်မည်။
ခေါ်လို့ဖြစ်ခြင်း၊ မဖြစ်ခြင်းကို တိုက်ရိုက် မဖြေဘဲ
အဖြေမမည်သော လက်ခံခြင်းတမျိုးနှင့်သာ စကားဆက်လိုက်မိသည်။
“ငါလည်း ကျေးဇူးတင်တယ်၊ ငါဒီလို မြင်ကွင်းမျိုး
လိုအပ်နေခဲ့တာ၊ ငါကြုံနေရသမျှကနေ ခဏလောက် လွတ်မြောက်သွား
စေမယ့် အခိုက်အတံ့တခု ပေးလို့ ကျေးဇူးတင်ပါတယ်”
သတိမပေးဘဲ တိုက်ခတ်လာသော ဆောင်းလေတချက်အဝှေ့တွင် ထက်
ဘုန်းရှိန်၏ ဆံသားများ လေနှင်ရာအတိုင်း လွင့်ပါးလှုပ်ခါ
သွားရသည်။
ရှုပ်ပွသွားသော ဆံပင်များဆီသို့ ဇွဲဟိန်းသာ လက်လှမ်း
လာသည်ကို သူသတိပြုမိလိုက်သည်။
သူ တိမ်းဖယ်လိုက်မိသည်။
“ဆောရီး . . .ငါ မင်းဆံပင်တွေကို ပြန်သပ်ပေးမလို့”
တန်တော့၊ သည်လောက်တော့ မလိုက်လျောတန်ကောင်း။ လေး
တန်းလောက်တည်းက ယောက်ျားများအပေါ် သူ့စိတ်တိမ်းညွတ်မှု
ရှိကြောင်း သတိထားမိသည်။ သို့သော် သူထိန်းနိုင်ခဲ့သည်။
အမျိုးသားဆိုသည်နှင့် အလွယ်တကူ တိမ်းညွတ်ပေးလိုက်မည့်အထဲ
ထက်ဘုန်းရှိန်မပါ။
ဇွဲဟိန်းသာ ဘာတွေးနေသနည်း။ ဒါကိုလည်း အမှန်ဆိုတော့ သူ
သေချာ မသိပေ။
“ငါဘာကိုကြောက်လဲဆိုတာ မင်းသိလား ဇွဲ”
ထက်ဘုန်းရှိန်က သည်လိုမေးတော့ ဇွဲဟိန်းသာက စူးစမ်း
သလို အကြည့်နှင့် သူ့ကို ကြည့်လာသည်။ ထက်ဘုန်းရှိန်က ဂေါယာ
စွန်း တောင်စွယ်နောက်သို့ ဝင်စပြုပြီဖြစ်သော နေဝန်းကို
ကြည့်ရင်း ခပ်တိုးတိုးသာ ဆက်ပြောသည်။
“လူသိခံရမှာကို ကြောက်တာ။ ငါဆိုလိုတာက လူသိများတာ ဘာ
ညာ မဟုတ်ဘူးနော်၊ လူတွေ ဒါမှမဟုတ် လူတယောက်ယောက်က ငါ့ရဲ့
အလုံးစုံကိုသိနေမှာကို ငါကြောက်တာ။ အဲဒါကြောင့် ငါ လူတွေ
နဲ့ လက်တကမ်းအကွာမှာပဲ အမြဲလိုလို နေခဲ့တာ။ ငါဘာကိုကြောက်
သလဲ၊ ငါဘာတွေ ရှုံးနိမ့်ဖူးသလဲ၊ ငါဘာတွေကိုချစ်ပြီး ဘာတွေ
ကို မုန်းသလဲ၊ ငါ့အားနည်းချက်က ဘာလဲ၊ ငါ့ကိုယ်ငါမကြိုက်
ဆုံးက ဘာလဲ အဲဒီလိုမျိုးတွေ ဆိုပါတော့၊ လူတယောက်ယောက်က ငါ့
ကို အဲဒီလို ထောင့်စေ့နေအောင်သိမယ်လို့ တွေးကြည့်လိုက်ရင်
တစိမ့်စိမ့်တွေးရင်း တစိမ့်စိမ့်ကြောက်တယ်”
“အင်း ဒါက ပြောရခက်တဲ့ကိစ္စပဲ၊ ကိုယ်နဲ့ ပတ်သက်သမျှ
ချို့ယွင်းချက်တွေကို လူတယောက်ယောက်ကို ပေးသိထားရတယ်ဆို
တာက ချောက်ကဘားစွန်း*မှာ ရပ်နေရသလိုပဲ”
ထက်ဘုန်းရှိန် သက်ပြင်းတချက် ချလိုက်သည်။
“ငါ လူတယောက်နဲ့ တွဲဖူးတယ်။ သူက တကယ် ငါလိုချင်ခဲ့
သမျှ အရာရာပဲ။ ဒါပေမဲ့ သူ့ကိုငါ ရင်းနှီးကျွမ်းဝင်ခွင့်၊
ငါ့ဘဝထဲတိုးဝင်လာခွင့် ပြုလေလေ၊ ငါ့ဆီကနေ အစိတ်အပိုင်း
တချို့ ဆုံးရှုံးသွားရတယ်လို့ ငါခံစားရလေလေပဲ။ ဘယ်လိုပြော
ရမလဲကွာ၊ သူက ငါနဲ့ပတ်သက်လို့ ကိစ္စတိုင်းကို သိတယ်၊ ငါ့
ကိုယ်ငါတောင် လက်မခံဝံ့သေးတဲ့ ကိစ္စတွေ၊ ငါ့ကိုယ်ငါနဲ့
ပတ်သက်ပြီး ငါဘာတွေကို မုန်းသလဲဆိုတာတွေကအစ သူက မြင်နိုင်
တယ်။ အဲဒါကြောင့်လည်း ငါသူ့ကို . . . အင်းလေ . . မုန်းခဲ့တယ်
ဆိုပါတော့”
ဇွဲဟိန်းသာက နားမလည်နိုင်ဟန်နှင့် မေးသည်။
“မုန်းတယ်..၊ ဟုတ်လား”
“အင်း . .ငါ ထင်တာတော့၊ တယောက်တည်း အထီးကျန်နေရမယ် ဆို
ရင်တောင်မှပဲ ကိုယ့်အကန့် ကိုယ့်နံရံတွေနောက်မှာ ကိုယ့်
ဘာသာ ဧကစာရီ နေရတာက ပိုပြီး လွယ်တယ်လေ၊ ဒါက ငါ့အမြင်ပဲ”
“ငါ အလုံးစုံ လက်မခံပေမဲ့ . . မင်းပြောတာ တရားနည်း
လမ်းကျတယ်လို့လည်း ထင်တယ်”
ဇွဲဟိန်းသာ၏ လေသံက ခဲဆွဲခံထားရသလို လေးလံနေပေသည်။
“ငါ မပွင့်လင်းချင်ဘူးဇွဲ . .။ ငါ မပွင့်လင်းချင်ဘူး။
ဘယ်လိုပြောရမလဲကွာ . . ပွင့်လင်းလိုက်မိပြီဆိုတာနဲ့ တ
ပြိုင်တည်း၊ ကိုယ့်အားနည်းချက် အားသာချက်ဟူသမျှ ထုတ်ပြမိ
ပြီဆိုတာနဲ့ တပြိုင်တည်း ကိုယ့်ကိုယ်ကိုယ် မပိုင်တော့ဘူး၊
လူတယောက်အပေါ် ကိုယ့်ချစ်သူမို့လို့ အလုံးစုံ ပွင့်လင်း
တယ်ဆိုတာက ကိုယ်တိုင်တောင် ထုတ်ပြဖို့ အဆင်သင့်မဖြစ်သေး
တဲ့ အစိတ်အပိုင်းတွေကို နောက်လူတယောက်ဆီ ဝကွက်အပ်လိုက်ရသ
လိုပဲ”
ဇွဲဟိန်းသာက ခေါင်းကို အသာအယာ ခါယမ်းရင်း သူ့အပြောကို
ပြန်ဝေဖန်သည်။
“တမျိုး စဉ်းစားကြည့်ရအောင်၊ အဲဒီလို ပွင့်လင်းတယ်
ဆိုတာမျိုးက မင်းပြောသလို အလုံးစုံ ပွင့်ပွင့်လင်းလင်းနဲ့
ကိုယ့်ကိုယ်ကိုယ် ခင်းကျင်းရတာမျိုး၊ ကိုယ်နဲ့ပတ်သက်သမျှ
နောက်လူတယောက်ကို အလုံးစုံ ပေးသိတာမျိုး မဟုတ်ဘဲ မင်းဟာ
ဘယ်တော့ ဖွင့်ဖတ်ခံမယ့် စာအုပ်တအုပ် ဟုတ်မနေဘူးဆိုတာကို
လက်ခံပေးနိုင်မယ့် သူ . . အဲဒီလိုလူတယောက်ကို ရှာတာမျိုးဆို
ရင်ကော။ မင်း ဖတ်ခွင့်မပြုတဲ့ စာမျက်နှာတွေကိုလည်း ခပ်
အေးအေးပဲ လက်ခံပြီး ကျော်လွှားသွားနိုင်တဲ့ သူမျိုး ဆိုပါ
တော့။ ငါထင်တာတော့ ငါတို့တွေက သမီးရည်းစား ဆက်ဆံရေးဆိုတာ
နဲ့ အကုန်လုံး ပွင့်လင်းလိုက်တာရယ်၊ ဘာမှ ပေးမသိချင်တာရယ်
ဆိုတဲ့ အစွန်းနှစ်ဖက်ကနေပဲ ရွေးချင်တယ်၊ ဒီအထိုင်ကနေပဲ
စဉ်းစားချင်ကြတယ်၊ တကယ်ဆိုရင် အဲဒီလိုသဘောမဟုတ်ဘဲ တစိတ်တ
ပိုင်း သင့်လျော်သလောက်ပဲ မျှဝေတာမျိုး၊ ပေးသိတာမျိုး
လောက်နဲ့ လုံလောက်ပြီ ဆိုတာကရော ရှိကောင်း မရှိနိုင်ဘူ
လား။ မင်းအတွက် သင့်တော်မယ် ထင်တာတွေကိုတော့ ထုတ်ပြ၊ ကျန်
တာတွေတော့ သိမ်းထားပေါ့”
ထက်ဘုန်းရှိန်ခေါင်းထဲ လက်ခနဲ ဖြစ်သွားသည်။ ဇွဲဟိန်း
သာကိုလည်း လှည့်ကြည့်မိသည်။ သည်တော့ သူ့ကို ကြည့်နေသည့်
မျက်ဝန်းတစုံနှင့် ပြန်လည် ထိပ်တိုက်တိုးရပြန်လေ၏။ သည်တ
ကြိမ်တော့ သူ အကြည့်မလွှဲဖြစ်ပါ။
“ငါ အဲဒီလို မတွေးခဲ့ဖူးတာတော့ အမှန်ပဲ”
ဇွဲဟိန်းသာက ခေါင်းတချက်ညိတ်ပြသည်။
“မင်းနဲ့ ရင်းနှီးပြီးသား ကိစ္စတခုနဲ့ ယှဉ်ပြီး
စဉ်းစားကြည့်ရအောင်၊ မင်း ဒိုင်ယာရီရေးတယ်မလား”
“ရေးတယ်လေ ဘာလို့လဲ”
“ကဗျာရော”
“တခါတလေပေါ့ ဘာဖြစ်လို့လဲ ဆက်ပြောလေ”
ဇွဲဟိန်းသာက သူ့ကို စောင်းငဲ့ ကြည့်နေရာက ရှေ့တည့်
တည့်က နေဝင်ချိန် မြင်ကွင်းဆီ အကြည့် ပြန်လွှဲသွားသည်။
“ဒိုင်ယာရီကို မင်းတယောက်တည်းပဲ ဖတ်တယ်၊ ဘာတွေရေးထား
သလဲ မင်းပဲသိတယ်။ ကဗျာ . . ကဗျာကျတော့ မင်းကဗျာကို ဖတ်မိသူ
တိုင်းက သိကြတယ်၊ မင်းဘာတွေ ရေးထားသလဲ ခံစားကြမယ်၊ ငါပြော
တာ ဟုတ်ရဲ့လား”
“အင်း . . .”
“ကဗျာရော ဒိုင်ယာရီရောက မင်းရဲ့ ပုဂ္ဂလိကဝေဒနာတွေပဲမ
လား”
ယခုမှပဲ ဇွဲဟိန်းသာ ဘာကိုပြောဖို့ ကြိုးစားနေသလဲ
ဆိုသည်ကို သူ ဉာဏ်အလင်းဆိုက်တော့၏။
မှန်သည်။ ဒိုင်ယာရီရော ကဗျာရောက သူ၏ ပုဂ္ဂလိကခံစား
ချက် (ဝါ) ပုဂ္ဂလိက ဝေဒနာချည်းသာ ဖြစ်သည်။ ဒိုင်ယာရီကို
တော့ သူပဲရေးသည်၊ သူပဲဖတ်သည်၊ သူတယောက်သာ ဖတ်ခွင့်ရှိသည်။
သူ့အကြောင်း၊ သူ့ခံစားချက်များက အလုံးစုံမဟုတ်တောင်
အားလုံးနီးပါးသည် ဒိုင်ယာရီထဲ၌သာရှိသည်။ ကဗျာကျတော့
သည်လိုမဟုတ်။ သူ ရည်ရွယ်ရာ လူတစု၊ လူ့အသိုင်းအဝန်းတခုကို
တော့ သူဘာတွေ ခံစားတွေ့ကြုံနေရသလဲဆိုတာနှင့် ပတ်သက်၍ ပေး
သိလိုသော စေတနာဇော မသိမသာ ပါရှိသည်။
“ချစ်သူနဲ့ ပတ်သက်လာရင် ကိုယ့်ကိုယ်ကိုယ် ကဗျာတပုဒ်
လို ပေးဖတ်ရမယ်ပေါ့၊ မင်းပြောချင်တာ ဒါလား”
ဇွဲဟိန်းသာက သူ့ဘက် မျက်နှာပြန်လှည့်လာပြီး ခေါင်းတ
ချက် ညိတ်ပြသည်။ ထို့နောက် ဇွဲဟိန်းသာ ဆက်၍ ပြောလာသော စကား
တခွန်းက တဖြူးဖြူး တိုက်ခတ်နေသော ဆောင်းလေနှင့်အတူ သူ့
စိတ်ဝိညာဉ်ပါ လွင့်ပါသွားသလို ခံစားလိုက်ရသည်။
“ဒီကနေ အောက်ဆက်ဆင်းပြီး ငါ့ခြံထဲကို လိုက်ခဲ့မလား၊
မင်းကိုလည်း ငါကဗျာတပုဒ် ပေးဖတ်စရာရှိတယ်” . . .တဲ့။
A starry night 6 years ago . . . .
6:00 PM
7:00 PM
ဖုံးကွယ်ချင်သော အမှန်တရား
မှောင်ရိပ်တခို
မိုးစက်ပြိုတော့၊ လိုအင်ပိုက်
ထွေး
စိတ်မှာလေးခဲ့၊ အတွေးရမ်း
ယောင်
သန်းခေါင်တိတ်ဆိတ်၊ မျက်လုံး
မှိတ်ကာ
ပုံရိပ်ရေးရေး တွေးမိဆဲ။
အိပ်လို့မရ
မှောင်သောညမှာ၊ တမ်းတစိတ်
နှင့်
တွန့်လိပ်အိပ်ရာ၊ မောင်ဘယ်မှာ
လဲ
မေးခွန်းထဲမှာ၊ ဖြေရှာမတွေ့
မျက်ရည်ဝေ့လည် ရူးချင်တယ်။
အမှောင်ထဲမှာ
လဲကာပြိုခဲ့၊ ကူရာမဲ့စဉ်
မှုန်မှိုင်းဝေသီ၊
မျက်ရည်စမ်းစမ်း
ပုံရိပ်မှန်းကာ၊ တမ်းယောင်တာ
ကို
မောင်ကဘယ်မှာ သိမှာလဲ။
A rainy night present time . . . .
၂၂လမ်း×၆၃လမ်း
အောင်မြေသာစံ
မြို့နယ်
မန္တလေးမြို့
၂၃ ဒီဇင်ဘာ၊ ၂၀၁၉
မောင် . . .
အိပ်မပျော်ဘူးကွယ်၊ ဒီလိုညတွေဟာ ဒီလိုပဲ အချည်းနှီး
ဖြတ်သန်း နေတော့မှာလား။ လမ်းဘေးမီးတိုင်တွေရဲ့ အထီးကျန်
မှုကို အရင်တည်းက ကိုယ်ချင်းစာတတ်ခဲ့ရင် ကောင်းမယ်။
အသက်ရှူနေရုံသက်သက်နဲ့တော့ ရှင်သန်ရတာ အဓိပ္ပါယ် မရှိလှပါ
ဘူး။ ဟောင်းလောင်းရင်အုံနဲ့ ညကြီးရဲ့ ကောင်ကလေး . .။ ကြယ်
စုံညရဲ့ နွေးထွေးမှုကို ရှာရတာ ရင်ထဲ မချိဘူး။ ဒီနေ့တော့
ကိုထိုက်က အနမ်းတချက် လာပေးလေရဲ့ . . ။ ထူးဆန်းတယ်နော် . .
နွေးထွေးမှန်း သိလျက်က နွေးထွေးမှုကို ရှာမတွေ့ဘူး။
အသိတရားကြောင့် ပေါ်လာတဲ့ အပြုံးနုနုတွေဟာ ဟန်ဆောင်ထားမှု
တွေချည်းလို့ ကိုယ့်ကိုယ်ကိုယ် မသိရရင်လည်း အကောင်းသား
ပေါ့။
နိစ္စဓူဝ ဖြတ်သန်းမှုတွေထဲမှာ နေခြည်ကလေးတပျ လက်လာ
ခဲ့ရင် သိပ်ပျော်မိမှာပဲ . . . ။ သစ်ရွက်ကြွေရင် ရင်ခုန်တတ်
တဲ့ စိတ်နုနုဟာ သစ်ရွက်ကြွေတွေ အလယ်မှာ ခံစားမှုမဲ့စွာ ငေး
မောတတ်သော မျက်ဝန်းတွေအဖြစ် ကြီးရင့်လာခဲ့ပြီ။
တချိန်တုန်းက ငါပြောခဲ့ဖူးတဲ့ မှတ်ဉာဏ်ပြတိုက်ကလေးထဲ
မှာ မောင်နဲ့အတူ ပြန်ဆုံချင်တယ်။ အခုတော့ ဆောင်းရာသီတခု
လုံးရဲ့ အအေးဓါတ်တွေကို စုစည်းပြီး ခံနေရတော့တာပဲ။
ဒိုင်ယာရီစာအုပ်လေးကိုဖွင့်ကြည့်မိတယ်။ အက္ခရာတွေကို
တွေ့လျက်က ငါမြင်နေရတာ ဗလာကြီး ဖြစ်နေတယ်။ စိတ်မကောင်းစရာ
ပါပဲ။ ကိုယ်လက်နှီးနှောမှုဟာ အချစ်မပါခဲ့ရင် . . အင်းလေ . .
ဒီအဖြေကို ငါသိရပါပြီ။
ပန်းပင်တွေကြား လမ်းလျှောက်ကြည့်မိသေးတယ်၊ နန်းတော်
ကျုံးကြီးကို ဖြတ်သန်းတိုက်ခတ်လာတဲ့ လေပြေနုကလေးဟာ အရောင်
အဆင်း တခုခုတော့ ကိန်းဝပ်နေမှာ အမှန်ပဲ . . .။ ကျောက်စာတော်
ရုံထဲမှာ ခရေပန်းတွေ ဘယ်အချိန် ပွင့်မလဲ စောင့်နေမိတုန်း
ပဲ။ စိတ်မှတ်မဲ့ လုပ်ဆောင်ချက်ဆိုတာ ဒါပဲ ထင်ပါရဲ့နော် . . .
။ ဖြစ်နိုင်မယ်ဆိုရင် တခေါက်လောက်တော့ ပြန်လာကြည့်စေ့ချင်
တယ်။
မောင့်ရဲ့ . .
ထက်ဘုန်းရှိန်
လူထုစာအုပ်
ဆိုင်၊
မန္တလေး
တက္ကသိုလ်
မန္တလေးမြို့။
၂၇ ဒီဇင်ဘာ၊
၂၀၁၉။
မောင် . . . ,
ငါတော့လေ လောကရဲ့ လည်ပတ်မှု ရေစီးထဲမှာ တခါလောက်
မျှောကြည့်ချင်လိုက်တာ။ သမုဒ်ပြင်အလယ်ကို ရောက်မှပဲ
ရိက္ခာပြုစရာ ဆင်သေတောင် ပါမလာခဲ့မှန်း သိရတယ်၊ နှမြော
လိုက်တာနော်။ သမိုင်းစာအုပ်တွေ ဖတ်ရတာ ပျင်းဖို့ ကောင်းလာ
တယ်။ ဒါပေမဲ့ ဒီစာအုပ်တွေထဲမှာ တခေတ်တခါတုန်းက ဟောဒီ
မြေပေါ်မှာ တကယ်ရှင်သန်သွားခဲ့ဖူးတဲ့ သူတွေအကြောင်း
ရေးထားတယ် ဆိုတာကတော့ ရင်ခုန်ချင်စရာပဲ။ ရာဇဝင်ဆိုတာက ရာဇ
ဝံသကနေ ဆင်းသက် လာတယ်တဲ့ . . . မင်း အစဉ်အဆက်အကြောင်းဆိုပါ
တော့။ အဲဒီတော့ ရာဇဝင်တွေ ထဲမှာ သာမန်ပြည်သူတွေရဲ့ ဘဝ
နေထိုင်ဖြတ်သန်းမှုတွေ လစ်လပ်နေသတဲ့။ ငါတို့နှစ်ယောက်ရဲ့
ပုပ္ပါးညကလေးဟာ သမိုင်းပဲ ဖြစ်မှာပါ. . . ။ ဒီလိုဆိုရင်
သမိုင်းကို တပတ်ပြန်လည်စေ့ချင်တယ်။
ငါက ဒီလိုပြောတော့ မောင်ကတော့ ပြုံးနေမှာပဲနော် . . ။
ဟင့်အင်း . . ဟန်ဆောင်ပြုံးလား ၊ လှောင်ပြုံးလားတော့ ငါ မသိ
ချင်တော့ပါဘူး။
လူထု စာအုပ်ဆိုင်ကလေးထဲမှာ ကြားရတဲ့ ဂီတကို ဘာနဲ့မှ မ
လဲနိုင်ပါဘူး။ အဆောက်အဦးဟောင်းတွေနဲ့ အဆောက်အဦးအသစ်တွေ
ယှဉ်တွဲရှိနေတာ မြင်ရတော့ ပြုံးမိသေးတယ်။ မန္တလေးဆောင်း
နံနက်ပိုင်းမှာတော့ နေခြည်နုနုလေးဟာ ပြက်ပြက်ထင်ထင် ရှိ
သားပဲ . .။ နေ့လည်ကျတော့လည်း သူလိုငါလို ပူတာပါပဲလေ . .။ ငါ
ကတော့ စာအုပ်ပုံကြားထဲ ပုန်းနေမိတယ်။ ပြီးတော့ အဓိပတိလမ်း
ပေါ် အထီးတည်း ပြေးလွှားရတာပေါ့။ တိုင်ခြောက်လုံးကလည်း
အလုပ်တခုတည်းကို တသီးတခြား လုပ်နေကြတယ်။ ဟောဒီအရိပ်ကလေး
ကို စွန့်ပစ်မိသူဟာ ငါပါပဲ . . .
ထက်ဘုန်းရှိန်
တက္ကသိုလ်
စာကြည့်တိုက်
မန္တလေးတက္ကသိုလ်
မန္တလေးမြို့။
၁ ဇန်နဝါရီ၊ ၂၀၂၀။
မောင် . .
ပြန်စာမလာတဲ့ စာတွေဟာ တခုခုကို မျှော်လင့်နေပုံပဲ
နော်။ အမှန်တရားတဲ့လား . .။ ငါ့ဖြစ်တည်မှုကိုငါ မေးခွန်း
ပြန်ထုတ်နေရတယ်။ ဒီနေ့မနက်တော့ ခပ်စောစော ထဖြစ်တယ်။ ခပ်
စောစောဆိုပေမဲ့ နေတောင် အတော်ပွင့်နေပြီ။ ခင်ဝမ်းရဲ့ နဒီ
မင်္ဂလာကို သတိရမိတယ်။ သတိထားမိတဲ့ အချိန်ကျတော့ နားထဲမှာ
ကြားနေရတဲ့ melody က ‘ညင်သာစွာဆင်း’ လိုလို၊ ‘လိုအပ်ချက်
ကလေးများ’ လိုလိုပဲ . . ဝေခွဲမရဘူး။
ငါ့မှာ ချစ်ရသူတယောက် ရှိတယ် ဆိုပါတော့ . . ။ ချစ်ရသူ
ဆိုတာကို အဓိပ္ပါယ်ဖွင့်ဆိုဖို့ ငါဘယ်လောက်အထိ ကြိုးစား
ဖူးသလဲဆိုတာ မေးခွန်းထုတ်ကြည့်ဖို့ မကောင်းဘူးလား။
အိပ်ချင်ယောင် ဆောင်နေတဲ့သူကို နှိုးရ ခက်သတဲ့။ ကို
ထိုက်နဲ့ စကားပြောဖြစ်တော့ ချစ်ခြင်းမေတ္တာရဲ့ ပုံပန်း
သဏ္ဌာန်နဲ့ ပတ်သက်လို့ ကိုထိုက်နဲ့ငါ သဘောထား ကွဲလွဲကြ
တယ်။ သူကတော့ အချစ်ဆိုတာ ပေးဆပ်မှု . . တဲ့၊ ငါ့အတွက်ကတော့
ပိုင်ဆိုင်လိုမှုပါပဲ။
ရင်းနှီးဖူးတဲ့ ကိုယ်ငွေ့တချို့နဲ့ ခပ်မှောင်မှောင်
ပျိုးခင်းလေးတခု . .။ တိုးဝင်စရာ ရင်ခွင်ရှိတုန်းကတော့ အခု
လိုတွေ မတွေးမိဘူးပေါ့။ ထပ်မတွေ့ကြရအောင်ဆိုတဲ့ စကားရဲ့
နောက်ကွယ်မှာ ငါဟာ ထားရစ်ခဲ့သူလား၊ ကျန်ရစ်ခဲ့သူလား တွေးမ
ကြည့်မိပါဘူး။ ရလဒ်ကတော့ ဝေးကွာခြင်းပဲလေ။ ဖိနပ်အသစ်ကလေး .
. . Tote bag အသစ်ကလေး ရတဲ့ ပျော်ရွှင်မှုဟာ သိပ်ချိုတယ်။
ရောင့်ရဲတတ်ဖို့ ကြိုးစားတယ်ဆိုတည်းက ဘယ်အရာမှ မပြည့်စုံ
လို့ပေါ့။ ငါ့မှာတော့ ဘာမှမရှိတော့တာ ကြာပါပြီ . . .
မျှော်လင့်ချက် ဆိုတာတွေလေ
ထက်ဘုန်းရှိန်
၂၂လမ်း×၆၃လမ်း
အောင်မြေသာစံ
မြို့နယ်
မန္တလေးမြို့
၈ ဇန်နဝါရီ၊
၂၀၂၀။
မောင် . . .
ပြောပြရဦးမယ် . . . ။ ဒီကနေ့မှ ကော်ဖီလေးတခွက် ဝယ်သောက်
မိပုံကို ပြောပါတယ်။ လူထုတိုက်ထဲကို ရောက်ဖြစ်တော့ လက်ထဲ
မှာ ကော်ဖီလေး တခွက်နဲ့။ အီလျာအာရင်ဘတ်ရဲ့ လူများ၊
သက္ကရာဇ်များ ဘဝ ဆိုတဲ့ စာအုပ်ကို မြသန်းတင့်က ဘာသာပြန်ထား
တာ ရှိတယ် . .။ စာမျက်နှာလေး ဟိုလှန် သည်လှန်နဲ့ပဲ ငါ့
ကော်ဖီခွက် တခွက်လုံး ကိစ္စချောသွားတယ်။ ခေါင်းထဲကိုတော့
မယ်မယ်ရရ ဘာမှ မရောက်လိုက် သလိုပါပဲ။
မိတ်ဆွေ တယောက်ကတော့ ပြောရှာသား . . . သမိုင်းသင်တာ မအာ
အောင်လို့ တဲ့။ ငါဖြင့် သိပ်သဘောကျတာပဲ။ လူတွေက ဘာမှမသိဘဲ
သိပ်ပြီး အာချင်ကြတယ် နော်။ ပြီးခဲ့တဲ့ နှစ်ရက်လောက်က ကို
ထိုက်က သူ့အိမ်မှာ ညစာစားကြဖို့တဲ့ ခေါ်လေရဲ့။ အဲဒီညနေ
ကလေးဟာ အပြုံးတွေနဲ့ပေါ့လေ၊ ကိုထိုက်ရော . . . သူ့မိသားစု
ဝင်တွေရော . . . ။ ငါကတော့ တယောက်တည်းသော စုန်းပြူး ဖြစ်နေ
ခဲ့ရတယ်။
သူ့မျက်ဝန်းတွေကို ငါသိပါတယ် . . ။ သူဟာ တခုခုကို
ရိပ်မိသလို ရှိပြီး ငါတို့ နှစ်ယောက်ကြား အလွှာတခု
တဖြည်းဖြည်း ပြန့်ကားလာနေတာကိုလည်း သတိ ထားမိပုံပဲ။ ငါ ဘာ
တွေ လုပ်မိနေမှန်းလည်း ငါမသိပါဘူး . . ။ တကယ်က ငါ မသိချင်
ဘူး။ ငါ့မှာလည်း ငါ့ဖြစ်တည်မှုပဋိပက္ခနဲ့ ငါလေ။ ညစာစားပွဲ
မှာ ငါ တိတ်တဆိတ်ပဲ ဆက်ထိုင်နေဖြစ်တယ်။ တချို့ဟာသတွေမှာ
နည်းနည်းတော့ ဝင်ပြီး ရယ်ဖြစ်တယ်။ မောင်ကတော့ ပြောမှာပေါ့
. . ဝမ်းနည်းနေတုန်းမှာ ရယ်နိုင်တာဟာ ပျော်စရာပါပဲ . . လို့။
တစုံတခုကို ဆုံးရှုံးလိုက်ရပြီဆိုတဲ့ ခံစားချက်ဟာ ငါ့ရင်
မှာ တစတစ ကြီးထွားလာနေတာတော့ ဘယ်သူမှ မသိကြဘူး။ မောင့်
အမြင်မှာတော့ ငါဟာ အတ္တကြီးလိုက်တာလို့ မြင်မှာပဲနော် . . ။
ကိုထိုက်ကို ငါကြည့်မိတယ်။ သူ့မျက်ဝန်းတွေကလည်း အဲသလို မ
ပြောပေမဲ့ ပြောနေသလိုပါပဲ။
ငါရှုံးခဲ့ပါတယ် . . ။ ငါ အထိနာတယ်။ ကိုယ့်အနာမို့ ပို
နာတတ်သလား မေးရင် ဟုတ်ပါတယ်လို့ ပြုံးပြုံးလေး ဖြေလိုက်
မှာပဲ။ ခြေဖဝါးမှာ ဓားနဲ့ ခွဲခံရသူတယောက် ပင်လယ်ထဲ မဆင်း
ဝံ့တာ သဘာဝကျပါတယ်နော် . .။ ဒါကလည်း ငါ့အထင်အမြင် သက်သက်ပါ
ပဲ . .။ ငါ့ဆုံးရှုံးမှုနဲ့ ငါ့နာကျင်မှုကို ငါထုတ်ပြနေတာဟာ
အသနားခံတာ မဟုတ်ဘဲ အကူအညီ တောင်းကြည့်မိတာပါ။
ငြိမ်ငြိမ်လေး ထိုင်နေရင်းနဲ့ပဲ ဉာဏ်မီသလောက် တွေး
ကြည့်မိတယ်။ ချစ်သူအတွက် ကိုယ့်ကိုယ်ကိုယ် ထုတ်ပြဖို့
ကြိုးစားတဲ့ ကဗျာဟာ အဆုံးမှာ ပြာတွေ ဖြစ်သွားမှာလား။
ခံစားမှုက နည်းနည်းတော့ ကျဲတယ်။ မနူးညံ့နေခဲ့ဘူး။ ငါလည်း
မူးလိုက်တာ ချာ . . လို့။ အခက်ခဲဆုံးကတော့ သူတို့ပျော်ရင်
ငါပျော်ပါတယ်လို့ ငါ့ကိုယ်ငါရော ဘယ်သူ့ကိုမှပါ မလိမ်ဝံ့တာ
ပါပဲ. .
မောင့်ရဲ့ . . .
ထက်ဘုန်းရှိန်
၂၂လမ်း×၆၃လမ်း
အောင်မြေသာစံ
မြို့နယ်
မန္တလေးမြို့။
၁၇ ဇန်နဝါရီ၊
၂၀၂၀။
မောင် . . .
မောင့်ဆီက ပြန်စာကို ပြန်မလာမှန်း သိသိနဲ့ မျှော်ရတာ
ဟာ တကယ်တော့ နောင်ဘုရားပွင့်မှာကို စောင့်ရသလိုပါပဲ။
မန္တလေးဟာ မိုးမှာလည်း မိုး မပီမသ၊ ဆောင်းမှာလည်း ဆောင်း
ရယ်လို့ မပီသပေမဲ့ နွေမှာတော့ ပူစရာရှိတာကို အစွမ်းကုန် ပူ
ပြရင်း နွေသရုပ်ကို တကယ်အဟုတ် ဖော်ပြတယ်။