Content-Length: 122944 | pFad | http://my.wikipedia.org/w/index.php?title=%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%84%E1%80%B6%E1%80%B7%E1%80%9D%E1%80%94%E1%80%BA%E1%80%91%E1%80%99%E1%80%BA%E1%80%B8&action=history

နိုင်ငံ့ဝန်ထမ်း - ဝီကီပီးဒီးယား မာတိကာသို့ ခုန်သွားရန်

နိုင်ငံ့ဝန်ထမ်း

ဝီကီပီးဒီးယား မှ

မြန်မာနိုင်ငံတွင် အစိုးရဝန်ထမ်းအားလုံးကို " နိုင်ငံ့ဝန်ထမ်း(Civil Servant) "ဟုခေါ်သည်။ အစိုးရဌာနများနှင့် အဖွဲ့အစည်းများကို " ဝန်ထမ်းအဖွဲ့အစည်း(Service Organization) "ဟုခေါ်သည်။ ၎င်းတို့၏ အဆင့်များနှင့် ခန့်အပ်မှုများကို အမျိုးအစား နှစ်မျိုးဖြင့် အုပ်စုဖွဲ့ထားသည်။

  1. အရာထမ်း သို့မဟုတ် ပြန်တမ်းဝင်အရာရှိ - ရာထူးတိုးခြင်းနှင့် ခန့်အပ်ခြင်းတို့ကို မြန်မာနိုင်ငံပြန်တမ်းတွင် မှတ်တမ်းတင်ထားသည်။
  2. အမှုထမ်း - ပြန်တမ်းဝင်အရာရှိများအောက် ရာထူး။[]

ပြည်ထောင်စုအစိုးရ ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့် ကော်မရှင်များမှာမူ ဝန်ထမ်းအဖွဲ့အစည်းမဟုတ်ဘဲ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းများ ဖြစ်ကြသည်။ ဝန်ထမ်းအဖွဲ့အစည်း၌ တာဝန်ထမ်းဆောင်နေသူတစ်ဦးသည် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းတစ်ခုခု၌ နိုင်ငံ့ဝန်ထမ်းမဟုတ်သော တာဝန်ပေးအပ်ခံရလျှင် နိုင်ငံ့ဝန်ထမ်းရာထူးမှ အလိုအလျောက် အငြိမ်းစားရသည်။[] ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေအရ ဝန်ထမ်းအဖွဲ့အစည်းများတွင် အမှုထမ်းများကို သက်ဆိုင်ရာ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းများက ခန့်အပ်နိုင်သော်လည်း အရာထမ်းများကိုမူ ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ သဘောတူညီချက်ဖြင့်သာ ခန့်အပ်နိုင်သည်။ အလားတူပင် အမှုထမ်းများအား အရာထမ်းအဆင့်သို့ တိုးမြှင့်လိုလျှင် သက်ဆိုင်ရာ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းများက ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ သဘောတူညီချက်ဖြင့်သာ တိုးမြှင့်နိုင်သည်။

ဝန်ထမ်းအဖွဲ့အစည်းများတွင် ကဏ္ဍအားဖြင့် အမျိုးမျိုးရှိသကဲ့သို့ ဖွဲ့စည်းတည်ဆောက်ပုံလည်း အမျိုးမျိုးရှိသည်။ ဝန်ထမ်းအဖွဲ့အစည်းပုံစံများမှာ

  • ဦးစီးဌာန - ဦးစီးဌာန(Department)ဆိုသည်မှာ အစိုးရ၏ ရည်မှန်းချက်များအား အကောင်အထည်ဖော်ရန်သော်လည်းကောင်း၊ အစိုးရအတွက်လိုအပ်သည့် အရင်းအမြှစ်သော်လည်းကောင်း၊ အစိုးရယန္တရားလည်ပတ်မှုကို အထောက်အကူဖြစ်စေရန်သော်လည်းကောင်း၊ အစိုးရထုတ်ပြန်ထားသည့် ဥပဒေ၊ နည်းဥပဒေ၊ ဥပဒေကဲ့သို့အာဏာတည်သောအမိန့်၊ ညွှန်ကြားချက် အစရှိသည်တို့အား စိုးမိုးမှုရှိစေရန်သော်လည်းကောင်း လုပ်ငန်းတာဝန်တစ်မျိုးမျိုးကို သီးခြားဆောင်ရွက်ရန် ဖွဲ့စည်းထားသည့် ဌာနမျိုးဖြစ်သည်။ အကြီးအမှူးမှာ ညွှန်ကြားရေးမှူးချုပ် ဖြစ်သည်။
  • ညွှန်ကြားမှုဦးစီးဌာန - ညွှန်ကြားမှုဦးစီးဌာန(Directorate)ဆိုသည်မှာ နယ်ပယ်၊ ကဏ္ဍတစ်ရပ်ရပ်တွင် အစိုးရ၏ ယင်းနယ်ပယ်၊ ကဏ္ဍအပေါ် သက်ရောက်စေလိုသော မူဝါဒအား သက်ရောက်မှုရှိစေရန် ကြီးကြပ်ကွပ်ကဲရသည့် ဌာနမျိုးဖြစ်သည်။ အကြီးအမှူးမှာ ညွှန်ကြားရေးမှူးချုပ် ဖြစ်သည်။
  • လုပ်ငန်း - လုပ်ငန်း(Enterprise)ဆိုသည်မှာ အစိုးရအတွက် ဝင်ငွေရရှိစေရန်သော်လည်းကောင်း၊ အစိုးရ၏ ရင်းနှီးမြှုပ်နှံမှုကိုသော်လည်းကောင်း အစိုးရစီမံချက်အတိုင်း သီးခြားလုပ်ငန်းတာဝန်များကို ဆောင်ရွက်ရသည့် ဌာနမျိုးဖြစ်သည်။ အကြီးအမှူးမှာ ဦးဆောင်ညွှန်ကြားရေးမှူး ဖြစ်သည်။
  • ကော်ပိုရေးရှင်း - ကော်ပိုရေးရှင်း(Corporation)ဆိုသည်မှာ အစိုးရ၏ ဝန်ဆောင်မှုများကို ပိုမိုကောင်းမွန်စေရန်သော်လည်းကောင်း၊ ပိုမိုထိရောက်စေရန်သော်လည်းကောင်း၊ ဝန်ဆောင်မှုများမှ အစိုးရအတွက် ဝန်ဆောင်ခများရရှိစေရန်သော်လည်းကောင်း သီးခြားတာဝန်များကို ဆောင်ရွက်ရန် ဖွဲ့စည်းထားသည့် ဌာနမျိုးဖြစ်သည်။ အကြီးအမှူးမှာ ဦးဆောင်ညွှန်ကြားရေးမှူး ဖြစ်သည်။
  • ဘဏ် - ဘဏ်(Bank)ဆိုသည်မှာ အစိုးရ၏ ငွေကြေးကွန်ယက်ကိုအခြေခံ၍ အစိုးရဌာနများအကြား၊ ပြည်သူများအကြား၊ ပြည်တွင်းနှင့် ပြည်ပအကြား ငွေကြေးကြားခံအဖြစ်သော်လည်းကောင်း၊ အစိုးရ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ချေးငွေဆိုင်ရာ အစရှိသည့် လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရသည့် ဌာနမျိုးဖြစ်သည်။ အကြီးအမှူးမှာ ဦးဆောင်ညွှန်ကြားရေးမှူး ဖြစ်သည်။
  • အဖွဲ့ - အဖွဲ့(Organization)ဆိုသည်မှာ နယ်ပယ်၊ ကဏ္ဍတစ်ရပ်ရပ်တွင် အစိုးရ၏ ရည်မှန်းချက်နှင့် လုပ်ငန်းတာဝန်များကို သီးသန့်အထူးပြုဆောင်ရွက်ရန် ဖွဲ့စည်းထားသော ဌာနမျိုးဖြစ်သည်။ အကြီးအမှူးမှာ ညွှန်ကြားရေးမှူးချုပ် ဖြစ်သည်။
  • တပ်ဖွဲ့ - တပ်ဖွဲ့(Force)ဆိုသည်မှာ စစ်ဘက်ဆိုင်ရာမဟုတ်သည့် လက်နက်ကိုင်ဆောင်ခွင့်ရှိသော ဥပဒေစိုးမိုးရေး၊ လုံခြုံရေး လုပ်ငန်းတာဝန်များဆောင်ရွက်ရသည့် ဌာနမျိုးဖြစ်သည်။ အကြီးအမှူးမှာ တပ်ဖွဲ့မှူး ဖြစ်သည်။

ဝန်ထမ်းအဖွဲ့စည်း ရုံးချုပ်ဌာနဖွဲ့စည်းပုံမှာ အောက်ပါအတိုင်းဖြစ်သည်-

  • ဌာနစိတ် - ဌာနစိတ်(Section) သည် အခြေခံအကျဆုံးဖွဲ့စည်းပုံဖြစ်သည်။ ဌာနစိတ်တစ်ခုတွင် ဝန်ထမ်းဦးရေ ဆယ်ဂဏန်းပါဝင်ပြီး ဌာနစိတ်မှူးအဖြစ် လက်ထောက်ညွှန်ကြားရေးမှူး/ဦးစီးအရာရှိ (သို့မဟုတ်) မန်နေဂျာက ဦးစီးကြီးကြပ်လေ့ရှိသည်။
  • ဌာနစု - ဌာနစု(Branch) သည် လုပ်ငန်းတာဝန်အားဖြင့် ဌာနစိတ်ထက် ကျယ်ပြန့်ပြီး ဌာနစိတ် ၂ စိတ်နှင့်အထက် ပါဝင်လေ့ရှိသည်။ သို့ရာတွင် ဌာနစိတ်များမခွဲထားဘဲ ဌာနစုအဖြစ်လည်း ဝန်ထမ်းများကို စုပေါင်းကာ ဒုတိယညွှန်ကြားရေးမှူး (သို့မဟုတ်) လက်ထောက်အထွေထွေမန်နေဂျာက ကြီးကြပ်လေ့ရှိသည်။
  • ဌာနခွဲ - ဌာနခွဲ(Division) သည် ဝန်ထမ်းအဖွဲ့အစည်းများတွင် ယျေဘုယျအားဖြင့် အဆင့်အမြင့်ဆုံးဖွဲ့စည်းပုံဖြစ်သည်။ ရုံးချုပ်၏ လုပ်ငန်းများကို စီမံရေးရာ၊ ဘဏ္ဍာရေး၊ စီမံကိန်း၊ လူ့စွမ်းအားအရင်းအမြစ်၊ စစ်ဆေးရေး၊ နည်းပညာ၊ စာရင်းအင်း စသဖြင့် ဌာနခွဲများသတ်မှတ်၍ တာဝန်ခွဲခြားသတ်မှတ်သည်။ ဌာနခွဲတစ်ခုတွင် ဝန်ထမ်းဦးရေ ရာဂဏန်းပါဝင်ပြီး ဌာနခွဲမှူးအဖြစ် ညွှန်ကြားရေးမှူး (သို့မဟုတ်) အထွေထွေမန်နေဂျာ/ဒုတိယအထွေထွေမန်နေဂျာက စီမံခန့်ခွဲလေ့ရှိသည်။
  • ဌာန - ဌာန(Department) သည် အဆင့်အမြင့်ဆုံးဖွဲ့စည်းပုံဖြစ်သည်။ ဌာနဟူသော ဖွဲ့စည်းပုံများကို နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းအချို့၌သာ တွေ့ရှိရပြီး ကော်မတီ၊ တက္ကသိုလ်၊ ကောလိပ်၊ ဆေးရုံ အစရှိသည်တို့တွင်သာ တွေ့ရသည်။ ဌာနကို ဌာနခွဲများဖြင့်ဖွဲ့စည်းလေ့ရှိသကဲ့သို့ ဌာနတွင် ဝန်ထမ်းဦးရေ ရာဂဏန်းပါဝင်ပြီး ဌာနမှူးအဖြစ် ဒုတိယညွှန်ကြားရေးမှူးချုပ် (သို့မဟုတ်) အထွေထွေမန်နေဂျာက စီမံခန့်ခွဲလေ့ရှိသည်။

အရာထမ်း

[ပြင်ဆင်ရန်]

အရာထမ်း ဆိုသည်မှာ ဝန်ထမ်းအဖွဲ့အစည်းများတွင် စီမံခန့်ခွဲရေးဆိုင်ရာ လုပ်ပိုင်ခွင့်အာဏာနှင့် တာဝန်ရှိသည့် နိုင်ငံ့ဝန်ထမ်းဖြစ်သည်။ ၎င်းတို့သည် အမှုထမ်းများကို စီမံခန့်ခွဲညွှန်ကြားရပြီး သက်ဆိုင်ရာဌာနများ၏ လုပ်ငန်းတာဝန်များကို ပြီးမြောက်အောင် အဆင့်ဆင့်ညွှန်ကြားဆောင်ရွက်ရသူများ ဖြစ်ကြသည်။ အရာထမ်းများသည် အမှုထမ်းများ၊ အဆင့်ငယ်အရာထမ်းများအား လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်း၊ တည်ဆဲဥပဒေများနှင့်အညီ ဝန်ထမ်းအဖြစ်မှရပ်စဲနိုင်သည်။ သို့ရာတွင် အရေးယူဆောင်ရွက်မှုများကိုမူ ဝန်ထမ်းအဖွဲ့စည်းအကြီးအမှူးများကသာ လုပ်ပိုင်ခွင့်ရှိသည်။ ဝန်ထမ်းအဖွဲ့စည်း၏ ရာထူးအမြင့်ဆုံး အရာထမ်းသည် ဝန်ထမ်းအဖွဲ့စည်းအကြီးအမှူး(Head of Service Organization)ဖြစ်ပြီး သက်ဆိုင်ရာ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းထံ တိုက်ရိုက်တာဝန်ခံရသည်။ အရာထမ်းများကို ပြန်တမ်းဝင်အရာရှိဟုလည်းခေါ်ပြီး မြန်မာနိုင်ငံပြန်တမ်းတွင် ၎င်းတို့၏ ရာထူးတိုးမြှင့်ခြင်း၊ ခန့်အပ်ခြင်းတို့ကို မှတ်တမ်းတင်သည်။ ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးအဖြစ် ခန့်အပ်ခံရသူများ၏ မြန်မာနိုင်ငံပြန်တမ်းကိုမူ နိုင်ငံတော်ပိုင်သတင်းစာများ၌ ထင်ထင်ရှားရှားဖော်ပြလေ့ရှိသည်။ အရာထမ်းများသည် ၎င်းတို့လက်ရှိထမ်းဆောင်နေသော ရာထူးအဆင့်မှ နောက်တစ်ဆင့်သို့ တိုးမြှင့်ခံရလျှင် အစမ်းခန့်ကာလ(Probationary period)ကို တစ်နှစ်တိတိ ပြစ်မှုပြစ်ရာမရှိဘဲ ထမ်းဆောင်ပြီးမှသာ ယင်းရာထူးအဆင့်၌ အတည်ပြုခန့်အပ်သည်။

အမှုထမ်း

[ပြင်ဆင်ရန်]

အမှုထမ်း ဆိုသည်မှာ ဝန်ထမ်းအဖွဲ့အစည်းများတွင် လုပ်ငန်းတာဝန်ပြီးမြောက်စေရန် အရာထမ်းများ၏ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်လျက် အစိုးရက ပေးအပ်ထားသည့် တာဝန်များအား ထမ်းရွက်ရသည့် နိုင်ငံ့ဝန်ထမ်းဖြစ်သည်။ အမှုထမ်းများသည် အစိုးရ၏ လုပ်ငန်းတာဝန်များကို အမှန်တကယ်ဆောင်ရွက်ရသူများဖြစ်ကြပြီး ဝန်ထမ်းအဖွဲ့အစည်းများ၏ အခြေခံ ဝန်ထမ်းအရင်းအမြစ်ဖြစ်သည်။ အမှုထမ်းများသည် အဆင့်ငယ်အမှုထမ်းကို အုပ်ချုပ်နိုင်သည့် လုပ်ပိုင်ခွင့်အာဏာမှတစ်ပါး အခြားမည်သည့် စီမံခန့်ခွဲမှုအာဏာများကို မရရှိကြပေ။ ထို့ကြောင့် အမိန့်၊ ညွှန်ကြားချက်၊ အကြောင်းကြားစာများ ထုတ်ပြန်ခွင့်မရှိသည့်အပြင် သက်ဆိုင်ရာဌာနတစ်ခုခု၌ အရာထမ်း၏ အခွင့်မရဘဲ တာဝန်ထမ်းရွက်ခွင့်မရှိပေ။ အမှုထမ်းများကို သက်ဆိုင်ရာ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းများဖြစ်သည့် ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများက တိုက်ရိုက်ခေါ်ယူခန့်အပ်ခွင့်ရှိသည်။ အမှုထမ်းရာထူးတွင် အနိမ့်ဆုံး အထွေထွေလုပ်သားနှင့်ညီမျှသည့်အဆင့်မှ အမြင့်ဆုံး ပညာသည်အဆင့်များ၊ ရုံးအုပ်၊ ကြီးကြပ်ရေးမှူး အစရှိသည်တို့နှင့်ညီမျှသည့်အဆင့်အထိ ပါဝင်သည်။

ဦးစီးတာဝန်

[ပြင်ဆင်ရန်]

ဦးစီးတာဝန်(Staff Duty) (တစ်နည်းအားဖြင့် ရုံးလုပ်ငန်းကိုစီမံသည့်တာဝန်) ဆိုသည်မှာ ရုံး/ဌာန/အဖွဲ့အစည်းတွင် ထိုရုံး/ဌာန/အဖွဲ့အစည်း၏ နေ့စဉ်လုပ်ငန်းဆောင်တာများကို စနစ်တကျ ပြီးမြောက်အောင် စီမံခန့်ခွဲခြင်းဖြစ်သည်။

ရုံးလုပ်ငန်း

[ပြင်ဆင်ရန်]

ရုံးလုပ်ငန်း ဆိုသည်မှာ ရုံး/ဌာန/အဖွဲ့အစည်း၏ ပင်မလုပ်ငန်းများကို အထောက်အကူဖြစ်စေသည့် လုပ်ငန်းများဖြစ်သည်။

ပင်မလုပ်ငန်း

[ပြင်ဆင်ရန်]

ပင်မလုပ်ငန်း ဆိုသည်မှာ ရုံး/ဌာန/အဖွဲ့အစည်း တစ်ရပ်အနေဖြင့် တည်ထောင်ဖွဲ့စည်း လှုပ်ရှားဆောင်ရွက်ရသည့် အကြောင်းရင်းခံဖြစ်သော ရည်မှန်းချက်တာဝန်များကို ပြီးမြောက်အောင်မြင်စေရန် ဌာနအနေဖြင့် မလွဲမသွေ ဆောင်ရွက်ရသည့် လုပ်ငန်များးဖြစ်သည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. ၁.၀ ၁.၁ "The Union Civil Service Board Rules"။ Article 2, rules of  (PDF) (အင်္ဂလိပ်ဘာသာစကားဖြင့်)။ Union Civil Service Board။ p. 1။ "(a) Officer means the service personnel at the ranks of the gazetted officer and above; (b) Staff means the service personnel at the ranks below the gazetted officer"








ApplySandwichStrip

pFad - (p)hone/(F)rame/(a)nonymizer/(d)eclutterfier!      Saves Data!


--- a PPN by Garber Painting Akron. With Image Size Reduction included!

Fetched URL: http://my.wikipedia.org/w/index.php?title=%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%84%E1%80%B6%E1%80%B7%E1%80%9D%E1%80%94%E1%80%BA%E1%80%91%E1%80%99%E1%80%BA%E1%80%B8&action=history

Alternative Proxies:

Alternative Proxy

pFad Proxy

pFad v3 Proxy

pFad v4 Proxy